ကဗျာဆရာ တင်မိုး အသက်၈၀ပြည့် အမှတ်တရ စာအုပ်ထုတ်

  • 21 နိုဝင်ဘာ 2013
ဆရာကြီး ဦးတင်မိုး ပြည်ပမှာ ရေးခဲ့တဲ့ ကဗျာတွေကို စုစည်း ထုတ်ဝေ

၂၀၀၇ခုနှစ်က ပြည်ပမှာ ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာကြီး တင်မိုး အသက် ၈၀ပြည့် အမှတ်တရ အဖြစ် တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်ကို ရန်ကုန်မြို့ မိုးနဲ့ စမ်း စာအုပ်တိုက်က ထုတ်ဝေလိုက်ပါတယ်။

ပြည်ပမှာ ၇နှစ် ၈နှစ် နေထိုင်ခဲ့စဉ် ကာလအတွင်း ဖခင် ဖြစ်သူ ကဗျာဆရာကြီး ဦးတင်မိုး ရေးခဲ့တဲ့ ကဗျာတွေ ပြည်တွင်းက စာဖတ် ပရိသတ်တွေ လက်ထဲ ရောက်စေချင်လို့ အခုဒီစာအုပ် ထုတ်ဝေခဲ့တာလို့ ကဗျာတွေကို ရွေးချယ် စီစဉ်ပေးခဲ့တဲ့ ဘယ်လ်ဂျီယမ် နိုင်ငံရောက် သမီး ဒေါက်တာ မိုးမိုးနှင်းက ဘီဘီစီကို ပြောပြပါတယ်။

မြန်မာ စာပေလောကမှာ အရှိန်အဝါကြီးမားခဲ့တဲ့ ကဗျာဆရာကြီး ဦးတင်မိုးဟာ အသက် ၆၅နှစ်မှာ ပြည်ပကို ထွက်ခွာပြီး အဝေးရောက် ဘဝနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ကဗျာတွေ ရေးသားသွားခဲ့သူ ဖြစ်ပါတယ်။

ပြည်ပမှာ စာတွေ ကဗျာတွေ အဆက်မပြတ် ရေးသားပြီး မြန်မာနိုင်ငံက ပြည်သူတွေကို ဒီမိုကရေစီရေးအတွက် အမြဲ တပ်လှန့် နှိုးဆော်ခဲ့တဲ့ ဆရာ ဦးတင်မိုးဟာ မြန်မာပြည်ကို အမြဲ လွမ်းဆွတ် တသနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကဗျာဆရာကြီး ဦးတင်မိုးဟာ မြန်မာ စာရေးဆရာတွေထဲမှာ စစ်အစိုးရကို အဆန့်ကျင်ဆုံးသူ ဖြစ်တယ်လို့ သူ့နဲ့ ရဲဘော် ရဲဘက် စာပေ ငယ်ပေါင်း ဖြစ်တဲ့ စာရေးဆရာကြီး မောင်သာနိုးက ပြောပါတယ်။

ဇာတိ မြင်းခြံနယ် ကန်မြဲရွာရဲ့ အမည်ကို ယူပြီး ကန်မြဲ နန်းမြင့်နွယ် ဆိုတဲ့ ကလောင်အမည်နဲ့ စာပေလောကကို ၁၉၅၀ ကျော်ထဲက ဝင်ရောက်လာခဲ့ပြီး ဖန်မီးအိမ်၊ ထီးကလေးနဲ့ မနီ စတဲ့ ကဗျာတွေနဲ့ အထူး ထင်ရှားခဲ့ပါတယ်။

၁၉၉၅ခုနှစ်က ဇာတိရွာကို နောက်ဆုံး ရောက်ခဲ့ပြီး ပြန်မလာနိုင်တော့တဲ့ ဦးတင်မိုးရဲ့ ဇာတိ ဇဂျမ်း ကန်မြဲ ရွာမှာလည်း ဦးတင်မိုး အမှတ်တရ ကြေးရုပ် စိုက်ထူဖို့ ပြင်ဆင်နေပါတယ်။