BBC navigation

လက်ပံတောင်း မြေယာကိစ္စ မပြေလည်သေး

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2013 - 16:01 GMT

လျော်ကြေးမယူသေးတဲ့ မြေတွေကို ကုမ္ပဏီက ခြံခတ်နေလို့ အရင် အပတ်က ပြဿနာဖြစ်

မုံရွာ တဖက်ကမ်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ကုမ္ပဏီနဲ့ လယ်သိမ်းခံ တောင်သူတွေ အကြား ဖြစ်နေတဲ့ မပြေလည် မှုတွေအပေါ် အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးတွေဟာ ဒေသခံတွေနဲ့ ညှိနိုင်းခဲ့ပေမယ့် ပြေလည်မှု မရခဲ့ကြပါ။

အောက်တိုဘာ ၁၅ ရက် မနေ့က လက်ပံတောင်းတောင် စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မတီရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေနဲ့ ဒေသခံတွေ အမှတ်(၆) ချည်မျှင်နှင့် အထည်စက်ရုံ(ဆားလင်းကြီး)မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဒီလို တွေ့ဆုံတဲ့ နေရာမှာ စီမံကိန်း ဧရိယာမှာ ပါတဲ့ ရွာ ၂၆ ရွာက ဒေသခံ တွေကို တစ်ရွာကို ကိုယ်စားလှယ် ၂ ယောက် နှုန်းနဲ့ တက်ရောက် ဆွေးနွေးခွင့် ပေးခဲ့ပါတယ်။

ဒီတွေ့ဆုံ ပွဲကို တက်ရောက်ခွင့် ရခဲ့တဲ့ တုံရွာက ကိုသက်ဦးက တာဝန်ရှိသူတွေ အနေနဲ့ အစီရင်ခံစာပါ အချက်တွေ အတိုင်း ဆောင်ရွက်မပေးဘဲ အပေါ်ယံ အချက်တွေကိုသာ ဆွေးနွေးခဲ့တဲ့အတွက် မကျေနပ်နိုင်ဘူးလို့ ပြောပါတယ်။

ဒီအတွက် အစီရင်ခံစာ တင်ပြတဲ့ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒေသခံတွေ အတွက် ထပ်မံ ကြားဝင် ဆောင်ရွက်ပေးဖို့ လိုလားနေကြတယ်လို့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပုလဲမြို့နယ် အမတ် ဒေါ်ခင်စန်းလှိုင် ကလည်း EIA SIA ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှု အသိုင်းဝိုင်းအပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲ ဆိုတဲ့ လေ့လာမှု ဆန်းစစ်မှုတွေ မလုပ်ဘဲ ကြေးနီ ဆက်လက် တူးဖော်မှုတွေကြောင့် ဒေသခံတွေ မကျေမနပ် ဖြစ်နေတာကို ပြေလည်အောင် ဖြေရှင်းဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

နောက်ပြီး ပေးတဲ့ မြေတန်ဖိုးတွေက နည်းနေတဲ့အတွက် ကာယကံရှင်တွေက မယူတဲ့အပေါ် ဒီငွေတွေကို ဒေသဖွံ့ဖြိုးရေး သုံးမယ် ဆိုပြီး ပြောနေတဲ့ အတွက် ဒေသခံတွေက မကျေ မလည် ဖြစ်နေကြာင်းလည်း ဒေါ်ခင်စန်းလှိုင် ပြောပါတယ်။

ဒေသခံတွေကတော့ အစီရင်ခံစာ အကောင်ထည် ဖော်ရေး ကော်မတီ အနေနဲ့ အစီရင်ခံ စာပါ အချက်တွေကို ချိုးဖောက်ပြီး စီမံကိန်းကို ဆက်လုပ်နေတဲ့ အတွက် ဥပဒေကြောင်း အရ ကုမ္ပဏီကို တရားစွဲတာတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိဖို့ နည်းလမ်း ပေါင်းစုံနဲ့ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော် သွားမယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။