လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ငွေရတု

  • 15 အောက်တိုဘာ 2013
bbc_dpns_304x171_
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ငွေရတု

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တည်ထောင်တဲ့ ငွေရတု အခန်းအနား ကို အောက်တိုဘာလ ၁၄ ရက်နေ့ က ရန်ကုန်မြို့ မှာ ကျင်းပ ရာမှာ နိုင်ငံရေး ခေါင်းဆောင် တွေ တက်ရောက် မိန့်ခွန်းပြောသလို၊ ပြည်တွင်း ကို ပြန်လည် အခြေချ ဝင်ရောက်လာတဲ့ လူ့ဘောင်သစ် ပါတီ ရဲ့ စည်းရုံးလှုပ်ရှားမှု နဲ့ လက်ရှိနိုင်ငံရေး သဘောထား တွေ ကိုပါတီဥက္ကဌ ဦးအောင်မိုးဇော် က ဘီဘီစီ ကို ရှင်းပြပါတယ်။

၁၉၈၈ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဟာ ပြည်တွင်းမှာ မှတ်ပုံတင်ရေး ကြိုးစားနေသလို ၁၉၈၈ ခုနှစ် က အတူလှုပ်ရှား ခဲ့တဲ့ ကျောင်းသားမျိုးဆက်တွေ အပြင်၊ မျိုးဆက်သစ် တွေ ကိုပါ၊ ပါတီမှာ ပူးပေါင်း လှုပ်ရှားကြဖို့ ဖိတ်ခေါ်ကြောင်း၊ ပြည်တွင်းမှာ လှုပ်ရှားနေကြတဲ့ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ နိုင်ငံရေး တက်ကြွသူ တွေ ကို လည်း ပါတီ နဲ့ ပူးပေါင်းကြဖို့ ၂၅ နှစ်ပြည့် မှာ ဖိတ်ခေါ်ကြောင်း ဦးအောင်မိုးဇော် ကပြောပါတယ်။

လက်တွေ့ မှာတော့ တဖွဲ့ချင်းစီ ကို ချဉ်းကပ်ပြီး ပူးပေါင်းရေး အတွက် စည်းရုံးရမှာ ဖြစ်ကြောင်း၊ တက်ရောက်လာကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ နဲ့ ပူးပေါင်းကြဖို့ တိုက်တွန်း အကြံပြုကြပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အားမရစရာ တွေ ရှိနေတာကို ပြောရာမှာ ဒီမိုကရေစီ ဆိုတာလည်း တိတိကျကျ မရသေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လည်း လက်လှမ်းမမီသေး၊ ငြိမ်းချမ်းရေး ရပြီ လို့လည်း မဆိုနိုင်၊ အသွင်ကူးပြောင်းရေး ကာလ ဆိုတဲ့ နေရာမှာလည်း၊ ပြည်သူက သူတို့ အတွက် အကျိုးရှိပါလား ဆိုတာကို မြင်ပုံ မရကြသေးတဲ့ အကြောင်းတွေ လည်း ပါတီဥက္ကဌ ဦးအောင်မိုးဇော် က ဘီဘီစီ ကို ရှင်းပြပါတယ်။