ကျန်ရှိအကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးဖို့ ဆွေးနွေး

  • 13 အောက်တိုဘာ 2013
Insein
နာမည်ကြီး အင်းစိန် အကျဉ်းထောင်

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက တနင်္ဂနွေနေ့တုန်းက ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်လို့ ထောင်ချခံရသူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၅၀ ကျော်ကို အစိုးရက လွှတ်ပေးခဲ့ပြီးနောက် အခု ကော်မတီ အစည်းအဝေး ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီကော်မတီထဲမှာ ပါတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁၃၃ ယောက်ရှိပြီး နိုင်ငံရေးပြစ်မှုတွေနဲ့ တရားစွဲခံထားရသူ ၂၃၂ ယောက်ရှိတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်က ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်လို့ ကတိပေး ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုတွေအပေါ် ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုလက်ခံကာ လွှတ်ပေးသင့်ကြောင်း AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

စိစစ်ရေး ကော်မတီထဲမှာ ပါတဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေဟာ လောလောဆယ် အစိုးရနဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ ဒါပေမယ့် နိုင်ငံရေးပြစ်မှုတွေနဲ့ တရားစွဲတာတွေ ဆက်ရှိနေမယ်ဆိုရင် ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသား အကုန် လွှတ်ပေးမယ်ဆိုတာ မဖြစ်နိုင်ကြောင်း ဦးဘိုကြည်က ထောက်ပြပါတယ်။