BBC navigation

သံတွဲ ပဋိပက္ခမှာ ပျောက်ဆုံးနေသူ (၂) ဦးရဲ့ အလောင်းကို ရဲက ရှာတွေ့ခဲ့

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2013 - 15:49 GMT

သံတွဲမြို့က ပဋိပက္ခ အတွင်း ထိခိုက်ပျက်စီးမှု

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အတွင်းမှာ ပျောက်ဆုံးနေသူ (၂) ဦးရဲ့ အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အောက်တိုဘာလ ၁ ရက်နေ့က တောင်ကုတ်ကနေ သံတွဲကို ဆိုင်ကယ်တွေနဲ့ အသွားမှာ လင်းသီ မူဆလင် ရွာသားတွေက တုတ်ဓါးတွေနဲ့ ဝိုင်း၀န်းတိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ပျောက်ဆုံးနေတဲ့သူ နှစ်ဦး ဖြစ်ပါတယ်။

အလောင်းတွေကို သံတွဲမြို့ ရွှေလီ တံတား အနီး လင်းသီရွာ အနောက်ဖက် ခြောက်ဖာလုံ အကွာ ဓနိတော ကျေးရွာမှာ အောက်တိုဘာ ကိုးရက်နေ့က ရဲတပ်ဖွဲ့က ရှာဖွေ တူးဖော် တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီနေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးမိုးနိုင်စိုးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ တစ်ခြား လူ ၄ ဦးနဲ့ အတူ ဆိုင်ကယ်စီးပြီး တောင်ကုတ်ကနေ သံတွဲကို သွားရာမှာ တိုက်ခိုက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ကျန် လေးဦးကတော့ လွှတ်မြောက်သွားခဲ့ပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့အတွက် သံတွဲဆေးရုံကို တင်ပို့ခဲ့ရပါတယ်။

အခု သေဆုံးသူ ၂ ဦးဟာ သင်တန်းရှည် ရွာက ဆိုင်ကယ် ကယ်ရီမောင်းတဲ့ ကျော်စွာလင်းနဲ့ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ပေါ်တာခေါ် မောင်မောင်ဝင်း ဖြစ်ပြီး ရခိုင် ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်တယ်ဆိုတာကို နေပြည်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ အကြီးအကဲ ဒုရဲမှူးကြီး ဦးမင်းအောင်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အဲဒီ လူသတ်မူနဲ့ ပတ်သက်ပြီး လင်းသီ မူဆလင် ရွာသား ၁၀ ဦးခန့်ကိုလည်း ရဲက ဖမ်းဆီး စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ သံတွဲ ပဋိပက္ခ အတွင်း သေဆုံးသူ အရေ အတွက်ကတော့ သူတို့နှစ်ဦး အပါအ၀င် (၇) ဦး ရှိသွားပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။