ကေအိုင်အိုနဲ့ အစိုးရ သဘောတူညီမှု တချို့ရ

  • 10 အောက်တိုဘာ 2013
KIO Meeting
KIO နဲ့ အစိုးရတို့ ၁၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့

မြန်မာအစိုးရနဲ့ နဲ့ KIO ကချင် လွတ်လပ်ရေး အဖွဲ့ တို့ကြား အပစ်ရပ် လက်မှတ် မထိုးနိုင် ကြသေးပေမယ့် နှစ်ဘက် သဘောတူညီချက် အသစ်တချို့ကို ၃ ရက်ကြာ မြစ်ကြီးနား ဆွေးနွေးပွဲအပြီးမှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။

သဘောတူညီချက် ၇ ချက်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ ညီလာခံ ကျင်းပဖို့ နဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး နဲ့ပတ်သက်ပြီး အစိုးရက သူ့ရဲ့ အစီအစဉ်ကို ကေအိုင်အိုထံ ပေးပို့ ဆွေးနွေးတာတွေ လုပ်ဖို့ သဘောတူညီမှုတွေလည်း ပါဝင်ပါတယ်။

မြစ်ကြီးနားမြို့ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဦးဆောင် ဆွေးနွေးကြပြီး ကေအိုင်အို ဘက်ကတော့ ဦးဆွန်လွတ်ဂမ်နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးဆောင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ညီလာခံကို လိုင်ဇာမြို့မှာ ကျင်းပဖို့ ရည်ရွယ်ထားပြီး အစိုးရဘက်ကလည်း ဒါကို ကူညီဆောင်ရွက်ပေးမယ်လို့ သဘောတူတဲ့အကြောင်း KIO အလုပ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက ပြောပါတယ်။

နိုဝင်ဘာလအတွင်း ကျင်းပဖို့ အစိုးရက ရည်ရွယ်ထားတဲ့ တနိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ ချဉ်းကပ် ဆောင်ရွက် သင့်သလဲဆိုတာ တိုင်းရင်းသားတွေကြားမှာ သဘောတူညီမှု တစ်ခု အရင်ရဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေ လျှော့ချဖို့နဲ့ ပတ်သက်ပြီး နှစ်ဘက်ကြား တံခါးပိတ်ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံ မဖြစ်ပွားရေးကိုလည်း ဆက်လက် ညှိနှိုင်း ဆွေးနွေး သွားမယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။