BBC navigation

မွန်နဲ့ တနင်္သာရီမှာ လယ်သမားတွေ လယ်မတရား သိမ်းခံနေရ

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2013 - 01:02 GMT

မတရား မြေသိမ်းမှုတွေကြောင့် ဒေသတချို့မှာ လယ်မြေ ပြန်ရရေးအတွက် လယ်သမားတွေ ဆန္ဒပြ တောင်းဆို

မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တွေနဲ့ တနင်္သာရီတိုင်း ရေဖြူ မြို့နယ် တွေဘက်မှာ မတရား မြေသိမ်းမှုတွေ နဲ့ လယ်သမားတွေ ရင်ဆိုင် နေရတယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ဒေသတွေအထိ သွားရောက်ပြီး လယ်သမားတွေ နဲ့ တာဝန်ရှိသူ တွေကို လူတွေ့ မေးမြန်းမှုတွေ ပြုလုပ် ပြီးမှ အခုလို ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်ကနေ စပြီး အခု အရပ်သား လက်ထက် ကာလအတွင်း သိမ်းတာမျိုး ရှိသလို ပြည်တွင်း ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတွေက သိမ်းတာမျိုးတွေ ရှိနေတယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ညှိုနှိုင်း ဆောင်ရွက်သူ တဦး ဖြစ်တဲ့ နိုင်အဲမွန်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလို သိမ်းရာမှာ မြေဂရံ မရှိတဲ့ မြေမျိုး၊ ဦးပိုင် အမည် မပေါက်တဲ့ မြေမျိုးတွေကို အဓိက ပစ်မှတ်ထား သိမ်းတာမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။

တခါ နိုင်ငံတော် အမျိုးသား လုံခြုံရေးအတွက် ၊ နိုင်ငံတော် လိုအပ်ချက်အတွက် ၊ အမျိုးသား စီမံကိန်း အကောင်အထည် ဖေါ်ဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ သိမ်းတာမျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။

အဲဒီဒေသတွေမှာ ရှိတဲ့ တောင်သူ လယ်သမား အတော်များများဟာ ဥပဒေ စည်းမျဉ်းတွေကို နားမလည်ပဲ မြန်မာစကားကိုတောင် လိပ်ပတ်လည်အောင် မပြောနိုင်ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်တာမို့ သူတို့ဘက်က ကိုယ်စားပြု ဆောင်ရွက် အကာအကွယ် ပေးနိုင်မယ့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြေယာ အငြင်းပွားမှုနဲ့ ပတ်သက်လို့ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ မြေယာ စုံစမ်းရေး ကော်မရှင် အဖွဲ့ကနေ တဆင့် တင်ပြတာမျိုး ရှိပေမယ့် စစ်တပ်၊ ဌာန ဆိုင်ရာ အဖွဲ့အစည်း၊ လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီးဌာနတို့ ပါဝင် ပတ်သက် နေတဲ့ အမှုတွေကို စုံစမ်း စစ်ဆေးရာမှာ အကန့်အသတ်တွေ ရှိနေပြီး လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခွင့်အလမ်း နည်းပါးတာ တွေ့ရတယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ညှိုနှိုင်း ဆောင်ရွက်သူ တဦး ဖြစ်တဲ့ နိုင်အဲမွန်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။