BBC navigation

ဖွဲ့စည်းပုံ ပြင်ဖို့ ထောက်ခံမယ်လို့ ဦးရွှေမန်းပြော

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2013 - 18:25 GMT
shwe_mann

ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အပြည်ပြည် ဆိုင်ရာ ပါလီမန်သမဂ္ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဘီဘီစီ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

အခု အိုင်ပီယူ အစည်းအဝေးရဲ့ အဓိက အကြောင်းအရာက နျူကလီးယား ကင်းစင်သော ကမ္ဘာ ဖြစ်ရေး ပါတယ်။

မြန်မာ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက် ပြီးလည်း ကမ္ဘာမှာ စိုးရိမ်မှုတွေ ရှိကြောင်း ပြောထားတာ ရှိတော့ ပါလီမန် ဘက်က ဒီစိုးရိမ်မှုတွေ ပြေပျောက်အောင် ဥပဒေကြောင်း အရ ဘာတွေ လုပ်နိုင်မှာပါလဲ ဆိုတော့ ဆွေးနွေးတဲ့ ခေါင်းစဉ်နဲ့ မြန်မာ နိုင်ငံက လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်မှု ရှိတဲ့ အကြောင်းနဲ့ ဆွေးနွေး တဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဓာတုလက်နက် ဖျက်သိမ်းရေး တွေကို ပါလီမန်တွေက ကြီးကြပ် ဆောင်ရွက်ရေး ခေါင်းစဉ် ကိုလည်း မြန်မာ နိုင်ငံက ပါလီမန် တွေက ထောက်ခံတဲ့အကြောင်း အဆို တင်သွင်း ပြောကြား ခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး

သူရဦးရွှေမန်းနဲ့ အင်တာဗျူး အပိုင်း ၁

သူရဦးရွှေမန်းနဲ့ အင်တာဗျူး အပိုင်း ၁

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြင်ဖို့ ခက်အောင် ပြဌာန်း ထားတဲ့ အချက်တွေကို အရင်ပြင်ဆင် ခဲ့ရင် အားလုံး အဆင်ပြေ ချောမွေ့ လာနိုင်ရက်နဲ့ ဘာလို့ မလုပ် နိုင်တာလဲ ဆိုတာကိုတော့ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် အနေနဲ့ လေ့လာ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်ဆင်သင့်တာ ပြင်ဆင်၊ ပြောင်းလဲ သင့်တာကိုပြောင်းလဲပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တွေကို အောင်မြင်အောင် လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဖို့ ခက်ခဲလို့ ဖြစ်ပါ့မလား ဆိုရင်တော့ ဖြစ်လာ စေချင်ကြောင်း၊ နိုင်ငံနဲ့ နိုင်ငံသား တွေရဲ့ အကျိုးစီးပွား အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ အခြေအနေ နဲ့ တာဝန် ထမ်းဆောင်ရမယ့် လူတွေ အပေါ်မှာ မူတည်ကြောင်း ၊ ဘယ်ဟာ ပြင်မယ် မပြင်ဘူး ဆိုတာကို အဲဒီ ကော်မတီရဲ့ ဆုံးဖြတ် လုပ်ဆောင်ချက်ပေါ်မှာ မူတည်ကြောင်း ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများ

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား အဖွဲ့တွေဘက်က အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် တို့နဲ့ ဆွေးနွေးနေရလို့ ၃ ဖွဲ့ ၁ဖွဲ့ လို ဖြစ်နေပြီး ခရီးမရောက် နိုင်ဖြစ်နေ တယ်လို့ ပြောဆို မှုတွေ ရှိနေတာ နဲ့ ပတ်သက်လို့တော့ လွှတ်တော်ဟာ တိုင်းရင်းသား နဲ့ အမျိုးသား စည်းလုံး ရေးအတွက် တာဝန် ရှိတယ်လို့ ခံယူပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေး တွေမှာ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သမ္မတ ဦးဆောင် ပြီး ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို လုပ်ငန်း ကော်မတီမှာ လွှတ်တော်အမတ် တွေလည်း ပါကြောင်းနဲ့ လုပ်ငန်း ကော်မတီမှာလည်း ဒုသမ္မတ ၁ က ဦးဆောင်၊ နောက် လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်ထောင်စု ဝန်ကြီးနဲ့ တပ်မတော် ကိုယ်စားလှယ်တွေက ဒုဥက္ကဌ တွေ အဖြစ် ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက် နေကြတာကြောင့် မူစနစ် အရဆိုရင် လမ်းကြောင်း တခုထဲသာ ရှိလို့ တိုင်းရင်းသား တွေက အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် တနေရာစီ သွား ဆွေးနွေး ဖို့ မလိုဘူးလို့ ပြောပါတယ်။

(ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းမှာတော့ သူရဦးရွှေမန်းက သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေး၊ ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို ပြောကြားခဲ့တာကို ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။)

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။