BBC navigation

ကရင်တပ်သားများ ပျောက်ဆုံးမှု ထိုင်းကို တိုင်တန်း

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2013 - 10:21 GMT
God Army

၁၉၉၉ ခုနှစ်က မြင်ရတဲ့ ဂျော်နီထူး (သေနတ်ကိုင်ထားသူ) နှင့် လူသာထူး

ထိုင်း-မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က God Army တပ်ဖွဲ့ဝင် ကရင်လက်နက်ကိုင် ၅၅ ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ ထိုင်းလုံခြုံရေးတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဒါကို စုံစမ်းစစ်ဆေးပေးဖို့ ဒီတပ်ဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးကနေ တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးပေးဖို့ နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ထိုင်းလူ့အခွင့်အရေးအရေး ကော်မရှင်နဲ့ ထိုင်းရှေ့များ အသင်းတွေကို God Army အဖွဲ့ဘက်က တောင်းဆိုတာ ဖြစ်ပါတယ်။

အခု လာရောက် တိုင်ကြားတဲ့ လူသာထူးကတော့ God Army အဖွဲ့ကို ဦးဆောင်ခဲ့သူ အမြွှာညီအကို နှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။ အဲဒီအချိန်က ဆယ်ကျော်သက် အရွယ်တွေပဲ ရှိပါသေးတယ်။ လူသာထူးဟာ နောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက် ခိုလှုံပြီးနောက် ထိုင်းနိုင်ငံကို အခွင့်သာတုန်း ပြန်လာပြီး အခုလို တိုင်တန်းတာ ဖြစ်ပါတယ်။

God Army အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ် ထားဝယ်ခရိုင်မှာ အခြေစိုက်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့တခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တုန်းက အဲဒီတပ်ဖွဲ့ဝင်တွေ ထိုင်းဘက်ခြမ်းမှာ လာရောက် ခိုလှုံစဉ် ၅၅ ဦး ပျောက်ဆုံး သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ထိုင်းရှေ့နေအသင် လူမျိုးစု အခွင့်အရေးဆိုင်ရာ ရှေ့နေ စူရာ့ဖုန်း ကောင်းကျန်ထွတ်က ''God Army တပ်ဖွဲ့ကို မြန်မာစစ်တပ်က ထိုးစစ်ဆင်လို့ သူတို့တပ်စခန်းကျပြီး ထိုင်းဘက်ခြမ်းကို လာရောက်ခိုလှုံကြပါတယ်။ ကလေးနဲ့မိန်းကလေးတွေကို ဖယ်ပြီး အမျိုးသား ၅၅ ဦးကို ထိုင်းလုံခြုံရေးလို့ ယူဆရသူတွေက ခေါ်ဆောင်သွားပြီးနောက် အခုအချိန်အထိ စုံစမ်းလို့မရဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီလူ ၅၅ ယောက်ကို စုံစမ်း ရှာဖွေပေးဖို့နဲ့ တရားမျှမှုရှိဖို့ လုပ်ဆောင်ပေးဖို့ God Army အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ လူသာထူးက ထိုင်းလူမှုရေးအဖွဲ့ ၂ ခုရဲ့ အကူအညီနဲ့ လာရောက် တိုင်ကြားတာ ဖြစ်တယ်'' လို့ ပြောပါတယ်။

၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းက မြန်မာ ကျောင်းသားတွေ ဘန်ကောက်က မြန်မာသံရုံး ဝင်စီးပြီးနောက် God Army တပ်ဖွဲ့ရဲ့ စခန်းမှာ သွားခိုလှုံခဲ့ကြပြီးနောက် ဒီအဖွဲ့ဟာ လူသိများလာတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီကျောင်းသားတွေက ဦးဆောင်ပြီး ထိုင်းဘက်ခြမ်း ရတ်ဘူရီမြို့က ဆေးရုံကို ဝင်စီးခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ God Army အဖွဲ့ဟာ ထိုင်းနိုင်ငံအတွက် ဘေးအန္တရာယ်ရှိတဲ့ အဖွဲ့အဖြစ် သတ်မှတ် ခံရလာရပါတယ်။ မြန်မာစစ်တပ်ကလည်း အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် တပ်ပျက်သွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။