ဖွဲ့စည်းပုံပြင်မလား အသစ်ရေးမလား လူထုဆန္ဒခံမယ်

  • 28 စက်တင်ဘာ 2013
Constitution
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

အခြေခံဥပဒေမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီတဲ့ အချက်တွေကြောင့် ပြင်ဆင်မလား အသစ်ရေးမလားဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး တိုင်းရင်းသားပါတီတချို့နဲ့ ဆွေးနွေးနေရာမှာ ဆုံးဖြတ်ချက် မကျပဲ လူထုဆန္ဒကို ယူပြီးမှပဲ ဆုံးဖြတ်ကြမယ်လို့ ကြေငြာချက် ထုတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ၉ ပါတီတို့ စနေနေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ဆွေးနွေးပြီး အဲဒီလို ကြေငြာချက် ထုတ်တာ ဖြစ်ပါတယ်။

NLD ကတော့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဒီဥပဒေကို ပြင်ဆင်ခွင့်ပေးထားတဲ့အတွက် ဒီလိုပြင်ရင် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး တိုင်ပြည်တည်ငြိမ်ရေးကိုလည်း ထိခိုက်နိုင်မှာ မဟုတ်တဲ့အတွက် ဒါက သင့်တော်တယ်လို့ ယူဆကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်က ပြောပါတယ်။

တကယ်လို့ အသစ်ရေးဆွဲမယ်ဆိုရင် တပ်မတော်ကို ဖိတ်ခေါ် ဆွဲသွင်းရာ ရောက်နိုင်တယ်လို့လည်း NLD က ထောက်ပြပါတယ်။

ဒါပေမယ့် တိုင်းရင်းသားပါတီတချို့ကတော့ အသစ်ပြန်လည် ရေးဆွဲဖို့လည်း ဆန္ဒရှိနေပါတယ်။

ဒါကြောင့် တနိုင်ငံလုံးက ပြည်သူ့ဆန္ဒကို NLD က ဦးဆောင်ပြီး ကောက်ယူသွားမယ်၊ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ကောက်ယူမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ ရလာတဲ့ လူထုသဘောထားတွေကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြသွားမယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။