ကမ္ဘာ့ဘဏ်က သထုံ ဓာတ်အားစက်ရုံအတွက် ငွေချေး

  • 25 စက်တင်ဘာ 2013
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr Jim Yong Kim

ကမ္ဘာဘဏ်ကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးအတွက် အကူအညီ အဖြစ် အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို အတိုးမဲ့ ငွေချေးပေးလိုက်ပါတယ်။

မွန်ပြည်နယ် သထုံက ဓာတ်အားပေး စက်ရုံအတွက် ကူညီမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ခေတ်မီ ၁၀၆ မဂ္ဂါဝပ် ပေါင်းစပ် လည်ပတ်တဲ့ ဓာတ်ငွေ့ တာဘိုင် ဓာတ်အားပေး စက်ရုံ ဖြစ်လာမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထွက်ရှိမယ့် ဓာတ်အားကို ပင်မ ဓာတ်အားပေးလိုင်းနဲ့ ဒေသဆိုင်ရာ ဓာတ်အားလိုင်း နှစ်လိုင်းစလုံးကို ပို့လွှတ်မှာ ဖြစ်ပါတယ်။

ဒီစက်ရုံကနေ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား လိုအပ်မှု အမြင့်ဆုံးရဲ့ ၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး မွန်ပြည်နယ် လျှပ်စစ်လိုအပ်မှုရဲ့ တစ်ဝက်လောက် ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကျေးလက်ဒေသမှာ ပျမ်းမျှ ၆ အိမ်မှာ ၁ အိမ်ပဲ လျှပ်စစ်မီးရရှိပြီး အရှေ့တောင်အာရှမှာ လျှပ်စစ်မီးရရှိမှု အနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။