ကျောက်ဖြူနဲ့ အနီးတဝိုက်မှာ ၂၄နာရီ မီးစဖြန့်ဖြူး

  • 17 စက်တင်ဘာ 2013
ရခိုင်က သဘာဝ ဓါတ်ငွေ့ကို တရုတ်ကို တင်ပို့ပေမယ့် ဒေသခံတွေ လျှပ်စစ်မီးမှန်မှန်မရခဲ့

ရခိုင်ပြည်နယ်က ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း တည်ရှိရာ ကျောက်ဖြူနဲ့ နယ်ကျေးရွာ တချို့ကို သဘာဝ ဓါတ်ငွေ့နဲ့ ၂၄ နာရီ လျှပ်စစ်မီး စတင် ဖြန့်ဖြူ ပေးနေပါပြီ။

ကျောက်ဖြူမြို့ပေါ်မှာတော့ ဒီလ ၁၄ ရက်နေ့နဲ့ နယ်ကျေးရွာ တချို့မှာတော့ ဒီလ ၁၅ ရက်နေ့က စပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခဲ့တယ်လို့ ဆိုပါတယ်။

ပါရမီ ကုမ္ပဏီက အစိုးရနဲ့ ၁၈ လ ကန်ထရိုက်ယူပြီး အခုလို ၂၄ နာရီ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူး ပေးနေတာ ဖြစ်တယ်လို့ ကျောက်ဖြူ ဒေသခံ တဦးက ဘီဘီစီကို ပြောပြပါတယ်။

အရင်ကတော့ ကျောက်ဖြူမြို့ လျှပ်စစ်မီးကို မြို့က ဖွဲ့စည်းထားတဲ့ မီးလင်းရေး ကော်မီတီက တစ်နေ့ ၅ နာရီခန့် တာဝန်ယူ ဖြန့်ဖြူး ပေးခဲ့တာ ဖြစ်ပြီး မီတာခ တယူနစ်ကို ကျပ် ၅၀ဝ ထိ ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ အိမ်သုံး တယူနစ်ကို ၃၅ ကျပ်နဲ့ လုပ်ငန်းသုံး ၇၅ ကျပ် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို တရုတ်နိုင်ငံကို တင်ပို့ ရောင်းချနေရာမှာ ဒေသတွင်းမှာတော့ လျှပ်စစ်မီး မရတဲ့ အတွက် ဝေဖန်မူတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့သလို ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် တောင်းဆို လှုပ်ရှားမူတွေလည်း ပေါ်ပေါက်နေပါတယ်။

ရွှေသဘာဝ ဓါတ်ငွေ့ လှုပ်ရှားမူ အဖွဲ့ တာဝန်ခံ ကိုဝင်းအောင်ကတော့ မီးပေးတာကို ကြိုဆိုပေမယ့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ ပိုမို ပွင့်လင်းဖို့ လိုအပ်တယ် လို့ ပြောပါတယ်။