ရခိုင်မှာ ဓာတ်ငွေ့ပိုက်လိုင်း မီးလောင်

  • 14 စက်တင်ဘာ 2013
ဇူလိုင်လ ၂၉ ရက်နေ့က သဘာဝ ဓါတ်ငွေ့တွေကို စတင် စမ်းသပ် ပို့လွှတ် နေတာ ဖြစ်ပါတယ်

ရခိုင်ပြည်နယ် အမ်းမြို့နယ် အတွင်း ဓာတ်ငွေ့ ပိုက်လိုင်း ကနေ သောကြာနေ့ ညနေက ဓါတ်ငွေ့ ယိုစိမ့်ပြီး မီးတောက် လောင်ခဲ့တဲ့ အတွက် ပိုက်လုံး ပေါက်ကွဲ မှာကို စိုးရိမ်ပြီး ရွာသားတွေ ထွက်ပြေး ခဲ့ကြရပါတယ်။

ကျောက်မြောင်း ကျေးရွာ အနီး သောကြာနေ့ ညနေ ၅ နာရီခွဲ ကနေ ၆ နာရီကျော်ထိ မီးထ တောက်ခဲ့ပြီး မီးဟာ ၄ ပေ ကျော်ထိ မြင့်တက် ခဲ့တယ်လို့ ဆိုပါတယ်။

မီးတောက်ဟာ ရွာနဲ့ ၅ မိနစ် လောက်သာ ဝေးတဲ့ အတွက် ရွာသားတွေဟာ ပိုက်လိုင်း ပေါက်ကွဲမှာကို စိုးပြီး ရွာက ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။ နောက်ပိုင်းမှာ မီးဟာ သူ့ဘာသာ ပြန်ငြိမ်းသွား ခဲ့တဲ့ အတွက် ရွာသားတွေဟာ ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ စနေနေ့ မှာတော့ ရွှေသဘာ၀ ဓါတ်ငွေ့ စီမံကိန်းက သက်ဆိုင်တဲ့ လူတချို့ ရောက်ရှိလာပြီး စစ်ဆေး မူတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ရွာသားတွေ ကတော့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူ ကနေ ၇၉၃ ကီလိုမီတာ အကွာ အဝေး ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ အချင်း လက်မ ၄၀ ရှိတဲ့ ပိုက်လိုင်းတွေနဲ့ ဒီနှစ် ဇူလိုင်လ ၂၉ ရက်နေ့က သဘာဝ ဓါတ်ငွေ့တွေကို စတင် စမ်းသပ် ပို့လွှတ် နေတာ ဖြစ်ပါတယ်။

အခုလို ပို့လွတ်တဲ့ နေရာမှာ ပထမဆုံး အကြိမ် ပိုက်လုံး (၂)ခုကို ဆက်ရာ ကနေ ဓါတ်ငွေ့ ယိုစိမ့်ပြီး မီးထတောက် ခဲ့တာ ဖြစ်ပါတယ်။