ဦးဝီရသူ မွတ်ဆလင်တွေနဲ့ လက်တွဲမယ်ဆို

  • 10 စက်တင်ဘာ 2013
ဒီနှစ်ထဲမှာ မွတ်ဆလင် ဆန့်ကျင်ရေး စကားတွေ ဟောခဲ့ဖူး

၉၆၉ လှုပ်ရှားမှုကို ကျယ်ပြန့်လာအောင် လှုံ့ဆော်သူလို့ နာမည်ကြီးတဲ့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် အမျိုးသားရေးဝါဒီ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် အစ္စလာမ် ဘာသာဝင်တွေနဲ လက်တွဲပြီး ဆောင်ရွက်သွား မယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ကေသာရာမ ကျောင်းတိုက်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူဟာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဒီနှစ်ထဲကစလို့ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာလည်း မွတ်ဆလင် ဆန့်ကျင်ရေး ပြင်းထန်တဲ့ စကားတွေ ဟောခဲ့တာတွေ ရှိပါတယ်။

ဒီနေ့မှာတော့ သူဟာ ဥပဒေမဲ့ တုံ့ပြန်တာတွေ မလုပ်ဖို့ကို နိုင်ငံအနှံ့ ကျယ်ပြန်စွာ ဟောပြောပို့ချပါမယ်လို့ ကတိပြုပြီး အစ္စလာမ် ဘာသာဝင်တွေ ပါဝင်တဲ့ ကွန်ယက်နဲ့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးဝီရသူနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ အစ္စလာမ် ဘာသာဝင် ဒိုင်းမွန်ရွှေကြည်တို့က ပူးတွဲပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပက်သတ်လို့ အဓိက သဘောထား ထုတ်ပြန်ကြတာ ဖြစ်ပြီး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ နှစ်ဘက် ဘာသာရေးခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံပြီး တတ်နိုင်သလောက် ကြိုးစားသွားကြဖို့ ပြောသွားပါတယ်။

ဦးဝီရသူဟာ မွတ်ဆလင်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးအတွက် အခုလို လုပ်မယ်လို့ ပြောတာဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ မွတ်ဆလင် ဆန့်ကျင်ရေးတွေ ပြောခဲ့တယ် ဆိုပြီးတော့ ဝေဖန်သူတွေက ပြောကြပါတယ်။

အခု ရက်ပိုင်းမှာ ဦးဝီရသူကို နေ့စဉ် ဖုန်းနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိနေပြီး အခုလို မွတ်ဆလင်တွေနဲ့ တွေ့ဆုံပြီး အဓိကရုဏ်းတွေ တားဆီးဖို့ လုပ်တာဟာ အဲဒီ ခြိမ်းခြောက် ခံရမှုတွေနဲ့တော့ မပတ်သက်ဘူးလို့ ဦးဝီရသူက ဘီဘီစီကို ပြောပါတယ်။