BBC navigation

NLD က ဖွဲ့စည်းပုံပြင်ဖို့ ကော်မတီဖွဲ့

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2013 - 15:41 GMT
constitution_burma_

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ကြမယ်

မြန်မာ နိုင်ငံရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုပြင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က ကော်မီတီ တရပ်ကို ဖွဲ့စည်းလိုက် ပါတယ်။

အဲဒီလို ဖွဲ့စည်းလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ ဒီကိစ္စ အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ တိုင်းရင်း သားပါတီ ၆ ခုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော်မှာ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ဖို့ ၁၀၉ ဦးပါ ကော်မရှင်ကို ဖွဲ့စည်းထားတာ ရှိသလို၊ လက်နက်ကိုင် တပ်ပေါင်းစု တခု ဖြစ်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ ကလည်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်ဆိုပြီး အခြေခံ ဥပဒေသစ်တခု ကို ရေးဆွဲနေ တာရှိပါတယ်။

တကယ်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကရော၊ သူတို့ နဲ့ အဓိက တိုင်းရင်းသား မဟာမိတ် တွေဖြစ်တဲ့ UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ကပါ အစကနဦး ကတည်းက သဘောတူ လက်ခံခဲ့ တာမဟုတ်ပါဘူး။

သူတို့ရဲ့ တကယ့် ဆန္ဒ သဘောထားက ဖြစ်နိုင်ရင် ဖွဲ့စည်းပုံ တခုလုံးကို အသစ်ပြင်ဆင် ရေးဆွဲဖို့ပါ။

လက်ရှိမှာ အဲဒီလို မဖြစ်နိုင်တဲ့ အတွက် လွှတ်တော်က ၁၀၉ ဦးကော်မီတီ ဖွဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လေ့လာ သုံးသပ်နေတဲ့ အချိန်နဲ့ တပြိုင်နက် သူတို့ဘက်က ပြင်ဆင် စေချင်တဲ့ အဓိက အချက်တွေကို ပြင်ဆင် နိုင်အောင် ကြိုးစားတဲ့ အနေနဲ့ အခုလို ဆောင်ရွက် လာတဲ့ အနေအထား ဖြစ်ပါတယ်။

ဒီထဲမှာ တိုင်းရင်းသား တွေရဲ့ အမြင်လည်း ပါဝင်အောင် အခုလို တွေ့ဆုံ ကြတာ ဖြစ်ပြီး၊ သူတို့ကြားမှာ ညှိနှိုင်း ဆွေးနွေးမှု တွေရဲ့ရလဒ် ကိုလည်း အခါ အားလျော်စွာ ပြည်သူ တွေကို ချပြဖို့ အစီအစဉ် ရှိပါတယ်လို့ အန်အယ်ဒီ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ကော်မီတီ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက် လာတဲ့ ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ဒီလုပ်ငန်းစဉ်မှာ အခက်အခဲတွေ အများကြီး ရှိနိုင် ပေမယ့် ပြင်လို့ ရသလောက် ကို ပြင်ဖို့ ကြိုးစား သွားမယ်လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသား ပါတီတွေရဲ့ အကြံပြုချက် တွေကို နောက်တကြိမ် လွှတ်တော် ပြန်ခေါ်တဲ့ အခါ တင်ပြ နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

ဒီအတောအတွင်း UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ ကလည်း မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့တဲ့အခါ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေးတာနဲ့ အတူ ဖွဲ့စည်:ပုံပြင်ဆင် ရေးဆွဲရေးနဲ့ ပတ်သက်တဲ့ သူတို့ အမြင်တွေကို တင်ပြဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။