အဂတိမှုနဲ့ ရခိုင်ပြည်နယ် တရားသူကြီးကို စတင်စုံစမ်း

ပြည်နယ် လွှတ်တော်က ခန့်ထားတဲ့ တရားသူကြီးကို ဥပဒေပုဒ်မ၃၁၁ အရ လွှတ်တော်က ပြန်ဖြုတ်နိုင်

လာဘ်ငွေ ယူပြီး အာဏာ အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ ရခိုင်ပြည်နယ် တရားသူကြီး ဒေါ်စီစီအပေါ် စွပ်စွဲထားချက်တွေ မှန်မမှန်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မီတီအဖွဲ့က ဒီကနေ့ တနင်္လာနေ့က စတင် စစ်ဆေးနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြည်နယ် တရားသူကြီး ဒေါ်စီစီအပေါ် အယုံအကြည်မရှိ ကြောင်း အဆိုကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဦးဆောင်ပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နေ ဒေါ်မသန်းတင်ဆိုသူ အမျိုးသမီးတဦးက ဆန်စပါး ရောင်းဝယ်ရေး နဲ့ ပတ်သက်ပြီး ကျပ်သိန်း ၄၃၀၀ ကျော်ကို လိမ်လည်ခဲ့တယ် ဆိုပြီး လူ၉၀ကျော်က တရားစွဲဆိုခဲ့ရာမှာ မြို့နယ် အဆင့်ထိ ရောက်ခဲ့ကြောင်း၊ ဒါပေမယ့် ပြည်နယ် တရားသူကြီး ဒေါ်စီစီက လာဘ်ငွေယူပြီး အဲဒီအမှုကို ပယ်ချခဲ့တယ် ဆိုပြီး တရားလိုတွေက လွှတ်တော် ကိုယ်စားလှယ်တွေကို တိုင်ကြားခဲ့တာကြောင့် အခုလို အဆိုတင်သွင်းခဲ့တာ ဖြစ်ကြောင်း ဦးအောင်မြကျော်က ဘီဘီစီကိုပြောပါတယ်။

ပြည်နယ် လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မီတီ အဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၂ရက်နေ့ကနေ အောက်တိုဘာလ ၁၆ရက်နေ့အထိ စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အဲဒီ စစ်ဆေးတွေ့ရှိချက်တွေကို လွှတ်တော်မှာ ပြန်လည် တင်ပြမှာ ဖြစ်ပြီး ကော်မီတီရဲ့ တွေ့ရှိချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ၃ပုံ ၂ပုံက လက်ခံရင် ဥပဒေ ပုဒ်မ ၃၁၁ အရ ဒေါ်စီစီကို ရာထူးကနေ ဖြုတ်ချနိုင်မှာ ဖြစ်တယ်လို့ ဦးအောင်မြကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အဂတိလိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပေမယ့် ခိုင်မာတဲ့ အချက်အလက်တွေနဲ့ အခုလို လွှတ်တော် ကိုယ်စားလှယ်တွေဆီ ရောက်မလာတဲ့အတွက် အရေးယူတာမျိုးတွေ မလုပ်နိုင်ခဲ့ကြောင်း၊ အခုလို ထိပ်ပိုင်းဆိုင်ရာကို စုံစမ်း အရေးယူတာမျိုးတွေ လုပ်လိုက်တဲ့အတွက် အောက်ခြေပိုင်းအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောသွားပါတယ်။