BBC navigation

ကင်တားနား လုံခြုံရေးစွပ်စွဲချက် အစိုးရပယ်ချ

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2013 - 16:34 GMT
U Ye Htut

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက သူ့ရဲ့ မြန်မာခရီးစဉ်အတွင်း မိတ္ထီလာအရောက်မှာ အစိုးရလုံခြုံရေးတွေက သူ့ကို အကာအကွယ် မပေးခဲ့ဘူးဆိုတဲ့ ပြောဆိုမှုကို မြန်မာအစိုးရက ငြင်းဆို ပယ်ချလိုက်ပါတယ်။

သြဂုတ်လ ၁၉ ရက် ည ၁၀ နာရီ ခွဲခန့်မှာ လူ ၂၀၀ လောက်ရှိတဲ့ လူအုပ်က သူစီးလာတဲ့ ကားမှန်တွေ နဲ့ တခါးတွေကို ကန်ကျောက်တာ၊ ရိုက်ပုတ်တာတွေ ရှိတယ်၊ ဘေးနားက ရဲတွေက အကာအကွယ် မပေးခဲ့ဘူးလို့ မစ္စတာ ကင်တားနားက သူပြန်ခါနီး ဗုဒ္ဓဟူးနေ့ညက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာ သမ္မတရဲ့ ပြောခွင့် ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ဒုတိယ ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ဒါကို ငြင်းဆိုပါတယ်။

''ဆန္ဒပြတဲ့သူတချို့က သူ့ကားနားကို ကပ်သွားပြီးတော့ သူ့ဆီကို စာနဲ့ တီရှပ်တစ်ထည် ပေးဖို့ လုပ်တာ ရှိပါတယ်။ မှန်ကို ခေါက်ပြီးတော့မှ မှန်ချခိုင်းပါတယ်။ ဒါပေမယ့် ဟိုဘက်ကလည်း မဖွင့်ပေးတဲ့အတွက် ရဲတွေက ဒီလူတွေကို ဖယ်ပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လုပ်ပေးရပါတယ်'' လို့ ဦးရဲထွဋ်က ပြောပါတယ်။

မစ္စတာ ကင်တားနားအနေနဲ့ ညအမှောင်မှာ အခြေအနေကို လွဲမှားစွာ နားလည်ပြီး ပြောတယ်လို့ ယူဆကြောင်းလည်း ဦးရဲထွဋ်က ဆိုပါတယ်။

မစ္စတာ ကင်တားနားကို စော်ကားမော်ကား ပြောတယ်ဆိုတာကလည်း မစ္စတာ ကင်တားနားဟာ မြန်မာစကား နားမလည်တဲ့အတွက် နားလည်မှု လွဲတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာပြည်ကို ၁၀ ရက်ကြာ လာရောက်ခဲ့ပြီး ရန်ကုန်နဲ့ နေပြည်တော်အပြင် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်း စတဲ့ ပြည်နယ်တွေဘက်ကိုလည်း သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာရေးပြီး ကုလသမဂ္ဂမှာ တင်ပြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။