အယူမတူသူတွေကြား ငြိမ်းချမ်းရေး တည်ဆောက်ရေး ခရီးစဉ်

  • 17 ဩဂုတ် 2013
ရခိုင်ဒေသမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကြောင့် လူတွေ သေဆုံး၊ နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ကြရ

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဖိတ်ကြားချက်အရ အယူမတူသူတွေအကြား ငြိမ်းချမ်းမှု တည်ဆောက်ရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံက လူမျိုးဘာသာ ပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ အမေရိကန်ကို သီတင်း ၃ပတ်ကြာ လေ့လာရေး ခရီးစဉ် အဖြစ် ရောက်ရှိနေပါတယ်။

အဲဒီကိုယ်စားလှယ် အဖွဲ့ထဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင် ဘာသာဝင်တွေနဲ့အတူ ရခိုင်၊ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံမှာလည်း အရင်က လူမျိုးစွဲ၊ ဘာသာစွဲ ပဋိပက္ခတွေ ရှိခဲ့ဖူးကြောင်း၊ အဲဒါတွေကို ကျော်လွှားပြီး အခုချိန်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ အတွေ့အကြုံ သင်ခန်းစာတွေကို လေ့လာနေတာ ဖြစ်ကြောင်း အဲဒီကိုယ်စားလှယ် အဖွဲ့ထဲမှာ ပါတဲ့ ဆရာတော် ဦးဇောတိက က ဘီဘီစီကို မိန့်ပါတယ်။

ဒီခရီးစဉ်အတွင်း အလုပ်ရုံဆွေးနွေးပွဲတွေကနေ ရလာတဲ့ နည်းစနစ် သင်ခန်းစာတွေ အရ ကိုယ်စားလှယ် အဖွဲ့တွင်း အယူမတူသူတွေအကြားမှာ အတူ တိုင်ပင် ဆွေးနွေးကြမယ်၊ တယောက်ယဉ်ကျေးမှုကို တယောက် နားလည်အောင် လုပ်ကြပြီး ထိန်းသိမ်း စောင့်ရှောက်ကြမယ်၊ အတူတကွ နေထိုင်ကြမယ် ဆိုတဲ့ စိတ်ဓါတ်မျိုး တွေ ရလာကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ၊ ဘင်္ဂါလီ ဆိုတဲ့ အမည်နာမ အပေါ် သဘောကွဲလွဲနေတာ နဲ့ ပတ်သက်လို့ ကိုယ်စားလှယ် အဖွဲ့အတွင်း ဆွေးနွေး ပြောဆိုခဲ့ကြပြီး ကိုယ့်ဘက်က အဆိုးမြင် ဝါဒီတွေကို ကိုယ်စီ ကိုယ်စီ ထိန်းသိမ်း သွားကြမယ် ဆိုရင် ကောင်းတဲ့ ရလဒ် ဖြစ်လာမယ်လို့ ဆရာတော် ဦးဇောတိက က မိန့်ပါတယ်။