ရခိုင်ပြည်နယ်မှာ ခွဲထားမှုကြောင့် ပြန်လည် သင့်မြတ်ရေး ခက်ခဲ

  • 13 ဩဂုတ် 2013
qintana
သံဃာတော်တွေနဲ့ တွေ့ဆုံနေတဲ့ မစ္စတာ ကင်တားနား

ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လူအခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားဟာ ရခိုင်ပြည်နယ်က အခြေအနေ တွေကို သွားရောက် လေ့လာ ကြည့်ရှုခဲ့ပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

စစ်တွေနဲ့ ဘူးသီးတောင်က အကျဉ်းထောင် တွေကိုလည်း သွားရောက် ကြည့်ရှုပြီး အကျဉ်းကျခံ နေရ သူတွေနဲ့လည်း တွေ့ဆုံ ခဲ့တဲ့အပြင် စစ်တွေ ဒေသခံတွေ နဲ့လည်း တွေ့ဆုံ ဆွေးနွေး မှုတွေ လုပ်ခဲ့ပါတယ်။

ဒီလို ဆွေးနွေး ခဲ့ကြရာမှာ နှစ်ဘက် ပြန်လည် သင့်မြတ် ရေးတွေနဲ့ ပတ်သက် လို့လည်း ဆွေးနွေး ခဲ့ကြတဲ့ အတွက် ဒီလို ပြန်လည် သင့်မြတ် ရေးအတွက် အကောင်းဆုံး ဘယ်လို နည်းလမ်းနဲ့ ဆောင်ရွက် နိုင်မလဲလို့ မစ္စတာ ကင်တာနားကို ဆက်သွယ် မေးကြည့် ခဲ့ပါတယ်။

မစ္စတာ ကင်တားနားက သူ့အနေနဲ့ အခုခရီးစဉ်နဲ့ ပတ်သက်လို့ သုံးသပ်ချက်ကို ရေးနေပြီး အစိုးရနဲ့သတင်း မီဒီယာ တွေကို ဖြန့်ဝေ ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူတွေ့ရသလောက် ရခိုင်ပြည်နယ်မှာ နှစ်ဘက် အသိုင်း အဝိုင်းကို သီးခြားစီ ခွဲထားတဲ့ မူဟာ အစိုးရနဲ့ ပြည်နယ် အစိုးရ နှစ်ခု စလုံးရဲ့ အမြဲတန်း ကျင့်သုံးတဲ့ မူ ဖြစ်လာတာကို တွေ့ရတဲ့ အကြောင်း ပြောပါတယ်။

ဒါဟာ နှစ်ဘက် ပြန်လည် သင့်မြတ်ရေး အတွက် ကောင်းတဲ့ မူမဟုတ်ဘူးလို့ မြင်ကြောင်း နဲ့ သူ့ အတွေ့အကြုံ တွေအရ ဒီလို လုပ်ထားရင် ပြန်လည် သင့်မြတ်ဖို့ ပိုပြီး ခက်ခဲတယ်လို့ ယူဆတဲ့ အကြောင်းနဲ့ ရိုဟင်ဂျာ တွေကိုပိုပြီး နစ်နာစေမယ်လို့ ဆိုပါတယ်။

ပြည်နယ် အစိုးရ အာဏာပိုင် တွေဘက်က လတ်တလောမှာ နောက်ထပ် ပဋိပက္ခတွေ ထပ်မဖြစ်အောင် အခုလို ခွဲထား ရတာလို့ ပြောကြတဲ့ အပေါ်မှာတော့ မစ္စတာ ကင်တာနားက အာဏာပိုင် တွေဘက်က ပြန်လည် သင့်မြတ်ရေး လုပ်ဖို့ ဆန္ဒ ရှိတယ်လို့ ပြောကြောင်း၊ ဒီလို လုပ်ဖို့အတွက် လူ့အခွင့်အရေး ကိုယ်စားလှယ် တယောက် အနေနဲ့ ပြောရရင် သီးခြား ခွဲထား တဲ့ မူနဲ့ ပြန်လည် သင့်မြတ်ရေး မဖြစ်နိုင်ဘဲ အကြမ်းဖက်မှု တွေသာ ဖြစ်လာ စေနိုင်ကြောင်း၊ ပြဿနာကို အကောင်းဆုံး ဖြေရှင်း နိုင်မှာ မဟုတ်တဲ့ အကြောင်း ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့လည်း ပြည်နယ် အာဏာပိုင် တွေနဲ့ ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

နောက်ပြီး တဘက်က သူတို့ကို ရိုဟင်ဂျာ လို့ ခေါ်စေချင်တယ်၊ ရခိုင် တိုင်းရင်းသား တွေ ဘက်ကလည်း မခေါ်ချင် ကြတာကြောင့် ပြန်လည် သင့်မြတ်ရေး ကိစ္စမှာ ခက်ခဲ နေရတာ ဖြစ်ပြီး ဒါကို ရခိုင် သံဃာတော် တွေနဲ့လည်း ဆွေးနွေး ခဲ့တဲ့ အကြောင်းပြောပါတယ်။

သူ့အမြင် အရ သူတို့ ခေါ်စေချင် သလို ခေါ်လိုက် ခြင်းအားဖြင့် သူတို့ကို အသိအမှတ် ပြုရာလည်း ရောက်ပြီး ဒါဟာ နိုင်ငံသား တိုင်းရင်းသား စသည်ဖြင့် အငြင်းပွား တာမျိုးလည်း မဟုတ်လို့ နှစ်ဘက် ပြန်လည် သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေတယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားရဲ့ ရခိုင် ခရီးစဉ် ကို ရခိုင်လူမျိုး တွေက ကန့်ကွက် ဆန္ဒပြခဲ့ ကြတာတွေနဲ့ မစ္စတာ ကင်တားနားက ရခိုင် လူမျိုးတွေရဲ့ အရေး ကိစ္စတွေထက် ရိုဟင်ဂျာ တွေရဲ့ အရေး ကိစ္စ တွေကိုပဲ ဦးစား ပေးတယ်လို့ ပြောကြတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ရခိုင် တိုင်းရင်းသား တွေရဲ့ စိုးရိမ်မှု တွေကို သဘောပေါက် တဲ့အကြောင်း ပြောပါတယ်။

မနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် ရခိုင် တိုင်းရင်းသား ဗုဒ္ဓဘာသာ တွေထဲမှာ လည်း ထိခိုက် နစ်နာမှုတွေ ရှိခဲ့တဲ့အကြောင်း၊ သေဆုံး ဒဏ်ရာရ မှုတွေ ရှိခဲ့တဲ့ အကြောင်း ပြောပါတယ်။ ဒီအခြေအနေ တွေကို သူသုံးသပ် ခဲ့ပြီး အခု ခရီးစဉ် အတွင်းမှာလည်း သံဃာတော် တွေနဲ့ တွေ့ပြီး ဒီ အကြောင်း တွေကို ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြကြတဲ့ လူတွေနဲ့လည်း တွေ့ဆုံပြီး သူတို့ရဲ့ စိုးရိမ်မှုနဲ့ ခံစားချက် တွေကို နားထောင် ပေးခဲ့တယ်လို့ ပြောပါတယ်။

သူ့အလုပ်က အားလုံးရဲ့ အသံတွေကို နားထောင်ဖို့ဖြစ်ပြီး ဘယ်ဘက်ကမှ မျက်နှာ မလိုက် တဲ့အကြောင်း ပြောကြား ခဲ့ပါတယ်။