BBC navigation

အင်းလေး လယ်သမား ရိုက်နှက်ခံရ

နောက်ဆုံး ရေးသားချိန် 11 သြဂုတ်လ 2013 - 19:50 GMT
inle

အင်းလေး ဟိုတယ်ဇုန် ဖော်ထုတ်နေ

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြို့နယ်မှာ ဒေသခံ အာဏာပိုင်နဲ့ လယ်သမား လယ်မြေ ကိစ္စ အငြင်းပွားရာ ကနေ လယ်သမား ကို ရိုက်နှက်တဲ့ ထိ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

ညောင်ရွှေ မြို့နယ် အင်းလေး ဟိုတယ်ဇုန် စီမံကိန်း စွန့်ပစ်မြေစာ တွေကြောင့် လယ်မြေ အသိမ်းခံ ရတဲ့ လယ်ပိုင်ရှင်နဲ့ စီမံကိန်း လုံခြုံရေး ယူတဲ့ ရဲတွေ တနင်္ဂနွေ နေ့က အငြင်းပွား ရာက လယ်ရှင်ကို ရဲက ကိုယ်ထိ လက်ရောက် ရိုက်တဲ့ထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အရိုက်ခံရ သူက ကိုသိန်းထွန်း ဖြစ်ပြီး လည်ပင်း ဒဏ်ရာရထားလို့ အစာမျိုလို့ ရေသောက်လို့ မရဘူးလို့ ညီဖြစ်သူက ပြောပါတယ်။

ကိုသိန်းထွန်းကို ရိုက်နှက်တယ်လို့ စွပ်စွဲခံရတဲ့ စခန်းမှူး စိုင်းနော်ခမ်းလွင် ကို ဆက်သွယ်ရာမှာ ဖုန်းလိုင်း အဆင်မပြေလို့ သူ့ရဲ့ တုံ့ပြန်မှု ကို မရပါဘူး။ လယ်ပိုင်ရှင် မိသားစု ကတော့ ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူပေးဖို့ နဲ့ သူတို့လယ် ပြန်ရရေး သမ္မတ အထိ တိုင်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

အခု အငြင်းပွား နေတဲ့ စီမံကိန်း မြေနေရာဟာ လယ်သမား ၈ဝ ဆီက ၂ဝ၁၂ ခုနှစ် ၁၁ လပိုင်း လောက်မှာ ရှမ်းပြည်နယ် အစိုးရက အတင်း အဓမ္မ သိမ်းဆည်း ထားတဲ့ လယ်မြေတွေ လို့ လယ်သမား မိသားစုက ပြောပါတယ်။

အသိမ်းခံရတဲ့ လယ်မြေဧက ၆၃ဝ နီးပါး ရှိပြီး ၁ ဧက ကျပ် ၁၂ သိန်း နှုန်းနဲ့ လျော်ကြေး ပြန်ပေးတယ်လို့ ဆိုပါတယ်။

အဲဒီ လျော်ကြေးငွေကို လယ်သမား အများစုက ယူပြီးသွားပြီ ဖြစ်ပြီး အခု အငြင်းပွား နေတဲ့ ကိုသိန်းထွန်းတို့ မိသားစုနဲ့ လယ်ပိုင်ရှင် ၁၂ ဦး ကတော့ သူတို့ လယ်ကိုပဲ ပြန်လိုချင်လို့ အခုထိ ငွေမယူဘဲ ကျန်နေတာ ဖြစ်ပါတယ်။

လျော်ကြေး မယူတဲ့ အတွက်လည်း တရားစွဲ ခံထားရတယ် လို့ သိရပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။