ကော့မှူးမှာရွေ့လျား စာကြည့်တိုက်ဖွင့်လှစ်

  • 27 ဇူလိုင် 2013
burma_mobile_library
ရွေ့လျားစာကြည့်ကားပေါ်က ဒေါ်အောင်ဆန်းစုကြည်

ကော့မှူး မြို့နယ်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရဲ့ ရွေ့လျား စာကြည့်တိုက် ဖွင့်ပွဲနဲ့ ကော့မှူး မြို့နယ် ဗဟို စာကြည့်တိုက် ကို ပြုပြင်မွမ်းမံပြီး လှူဒါန်း တဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားကိုတော့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရဲ့ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။

အဲဒီ ရွေ့လျား စာကြည့်တိုက် နဲ့ ပတ်သက်လို့ ရွေ့လျား စာကြည့်တိုက် စီမံကိန်းရဲ့ ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းကို ဆက်သွယ် မေးကြည့်တဲ့အခါမှာတော့ အခုလို မိုဘိုင်း ဘတ်စ်ကားကို ရွေ့လျား စာကြည့်တိုက် အဖြစ် အသုံးပြုတာဟာ ပထမဆုံး အကြိမ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ရွေ့လျား စာကြည့်တိုက်ကိုတော့ ကော့မှူး မြို့နယ် အတွင်းက ၂၁ ရွာမှာ လှည့်ပတ် သွားလာ နေစေမှာ ဖြစ်ပြီး စာကြည့်တိုက် အသင်းဝင်ကြေးက အခမဲ့ ဖြစ်သလို တကြိမ်မှာ စာအုပ် ၂ အုပ်ကို သတင်း ၂ ပတ် ဌားလို့ ရနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

လောလောဆယ်မှာ ဘတ်စကား တစင်းထဲ ရှိပေမယ့် နောက် သတင်း ၂ ပတ် ၃ ပတ် လောက် ကြာရင် နောက်တစင်း ထပ်ရောက် လာလိမ့်မယ်လို့ဆိုပါတယ်။ ကားပေါ်မှာတော့ ကျေးရွာ တွေက လူထု တွေနဲ့ ကိုက်ညီမယ့် စိုက်ပျိုးရေး နဲ့ မွေးမြူရေး ဆိုင်ရာ အသိပညာ ပေး စာအုပ်တွေ ပါဝင်မှာ ဖြစ်သလို ကျန်းမာရေး အသိပညာပေး စာအုပ်တွေအပြင် ကလေးတွေ ဖတ်နိုင်မယ့် ပညာပေး စာအုပ်တွေ၊ ရုပ်စုံ စာအုပ်တွေအပြင် အင်္ဂလိပ်စာ တိုးတက်ဖို့ စာအုပ်တွေ ကိုလည်း ဌာရမ်း နိုင်မယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ကလေးစာပေ အားနည်း နေတဲ့ အတွက် Asia Foundation နဲ့ ဆက်သွယ်ပြီး နာမည်ကြီး စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ် ထုတ်ဝေ သွားမယ်လို့ ဆိုပါတယ်။ အခု ကိစ္စမှာ အစိုးရဘက်က ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနနဲ့ ပူးပေါင်း ဆောင်ရွက် နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လတ်တလော မှာတော့ ကော့မှူး မြို့နယ် အတွင်းမှာ စတင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အလှူရှင်တွေ ပေါ်ရင် ပေါ်လာသလို ထပ်မံ တိုးချဲ့ ဆောင်ရွက်သွားတာမျိုး ရှိမယ်လို့ ပြောကြား ခဲ့ပါတယ်။