BBC navigation

လော်စစ်ဟန် ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 7 ဇူလိုင်လ 2013 - 21:24 GMT
law_sit_han

နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ် ခင်ညွန့်နဲ့ လောစစ်ဟန်

ရှမ်းပြည်နယ် အရှေ့ပိုင်း မှာ မြန်မာ အစိုးရကို ခုခံနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ ကြား အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ပေးခဲ့တဲ့ ကိုးကန့် ဘိန်းရာဇာ လော်စစ်ဟန် စနေနေ့က ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ အမည်မဖော်တဲ့ မိသားစုဝင်တဦးက သူသေဆုံးတဲ့ သတင်းကို အတည်ပြုခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြ ထားပါတယ်။

လော်စစ်ဟန်ဟာ ဘယ်လိုလူမျိုးလဲ။ သူ့တသက်တာ ဆောင်ရွက်ချက် တွေဟာ ဗမာပြည်သူ ပြည်သားတွေ အပေါ်မှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိခဲ့သလဲ ဆိုတာ ကို သတင်းစာ ဆရာ ဘာတေးလ် လစ်တနာကို ဆက်သွယ် မေးမြန်း ကြည့်ထားပါတယ်။

သူဟာ ရှမ်းပြည်နယ် အရှေ့မြောက် ပိုင်းမှာ ကိုယ်ပိုင်တပ်ဖွဲ့ရဲ့ တပ်မှူး တယောက်ပါ။ သူ့ကို ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် မြန်မာ စစ်တပ်က အသိအမှတ်ပြု ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဘိန်းကုန်ကူးခွင့် ရခဲ့သူပါ။ ဘာ့ကြောင့် အဲသလို ခွင့်ပြုသလဲ ဆိုတော့ ဗမာပြည် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ လော်စစ်ဟန်ကို အစိုးရက အသုံးချလို့ ရနေလို့ပါ။ သူ့တပ်ဖွဲ့ တွေဟာ အစိုးရ စစ်တပ် တွေနဲ့ ပူးပေါင်းပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို တိုက်ခိုက် ခဲ့ပါတယ်။

တကယ်တော့ လော်စစ်ဟန် ဟာ အဲဒီဘဝ မရောက်ခင် မူလက ကိုးကန့် စော်ဘွားရဲ့ သမီး အောလစ်ဗ် ယန်း ရဲ့ စစ်တပ်က အရာရှိ တယောက်ပါ။ နောက်ပိုင်း အရှေ့မြောက်ပိုင်း ဒေသကို ဗမာ ပြည်ကွန်မြူနစ် ပါတီ ရောက်လာပြီး ကိုးကန့် စော်ဘွားတွေကို မောင်းထုတ် လိုက်တဲ့အခါ လော်စစ်ဟန် အတွက် ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် အဖြစ် ရှေ့တန်း ရောက်ဖို့ အခွင့်အရေး ရလာပါတယ်။ ၁၉၇၀ ကျော် အစပိုင်း ကာလတွေ အထိ သူဟာ အစိုးရ စစ်တပ်နဲ့ လက်တွဲပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို ပူးပေါင်း တိုက်ခိုက် ခဲ့သလို ဘိန်းကုန်ကူးပြီး ချမ်းသာ ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖျက်သိမ်း လိုက်တဲ့နောက်ပိုင်း မှာတော့ သူ့တပ်ဖွဲ့ဟာ တရားမဝင် မြေအောက် တပ်ဖွဲ့ ဖြစ်သွားပြီး နောက်ပိုင်းမှာ ဘိန်းရာဇာ အဖြစ် ထိုင်း စစ်တပ်က သူ့ကို ဖမ်းပြီး မြန်မာ အစိုးရ လက်အပ် လိုက်ပါတယ်။

နာမည်ကြီး ဘိန်းသမား လည်း ဖြစ်ပြီးနိုင်ငံတကာ ကလည်း လိုလားနေတဲ့ ဘိန်းရာဇာ ဖြစ်တဲ့ အတွက် မြန်မာ အစိုးရက သူ့ကို သေဒဏ် အပြစ်ပေး လိုက်ပါတယ်။ ဒါပေမဲ့ သူ့ကို ဘိန်းမှုနဲ့ အပြစ် ပေးခဲ့တာ မဟုတ်ပါဘူး။

သူ့ကို အစိုးရက ဘိန်းကုန်ကူးခွင့် ပေးထားတာ ဖြစ်တဲ့ အတွက် သူ့ကို တရားစွဲ တဲ့အခါ သူပုန်မှု နဲ့သာ တရားစွဲ ခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီ သေဒဏ် ကိုလည်း ဘယ်တော့မှ လက်တွေ့ အကောင်အထည် မဖော်ပါဘူး။

အဲဒီနောက် ၁၉၈ဝ ပြည့်နှစ် ကျတော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေး လိုက်ပါတယ်။ အဲသလို လွှတ်ပေး လိုက်ပြီးတဲ့ နောက်မှာ သူဟာ လားရှိုး ပြန်သွား ပါတယ်။ လားရှိုးမှာ အရင်က ကာကွယ်ရေး တပ်ထက် ပိုပြီး အင်အား ကြီးမားတဲ့ ပြည်သူ့ စစ်ကို ထူထောင် ပါတယ်။ ရွှေတြိဂံ နယ်မှာ သူ့သြဇာ ကြီးထွား လာခဲ့ ပါတယ်။

ဒါပေမဲ့ တကယ်တမ်း သူ့သြဇာ ပိုကြီးလာတာက ၁၉၈၉ ခုနှစ် ကွန်မြူနစ် ပါတီ အတွင်းမှာ တိုင်းရင်းသား တွေရဲ့ ပုန်ကန်မှု ဖြစ်လာတဲ့ အချိန်မှာ သူဟာ အစိုးရ အတွက် အလွန် အရေးပါတဲ့ လူတယောက် ဖြစ်လာ ပါတယ်။ အဲဒီ အချိန်မှာ ဗမာ ပြည်မှာ အလွန် အရေးကြီးတဲ့ ရှစ်လေးလုံး အရေးအခင်း ကြီး ဖြစ်ခဲ့ ပါတယ်။ ထောင်သောင်း ချီတဲ့ ကျောင်းသား တွေ တောခို ခဲ့ကြ ပါတယ်။ အဲဒီ အချိန်က ကျောင်းသား တွေကို လက်နက် ခွဲဝေ တပ်ဆင် ပေးနိုင်စွမ်း ရှိတဲ့ တခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ ဟာ ဗမာပြည် ကွန်မြူနစ် ပါတီပါ။ ကျောင်းသား တွေကို ကွန်မြူနစ်ပါတီက လက်နက် တပ်ဆင် ပေးနိုင်ခဲ့ရင် အခြေအနေတွေဟာ တမျိုးတဖုံ ဖြစ်သွား နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာ ပါဘူး။

ဗမာပြည် ကွန်မြူနစ် ပါတီကို တိုင်းရင်းသား တွေက ပုန်ကန် လိုက်တဲ့အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်က တိုင်းရင်းသား တွေနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ ပြန်ပြီး မပေါင်းစည်းနိုင်ဖို့ စေ့စပ်တဲ့ အဖွဲ့ တဖွဲ့ စေလွှတ် လိုက်ပါတယ်။ အဲဒီအဖွဲ့က အောလစ်ဗ် ယန်း၊ လော်စစ်ဟန်နဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ ခေါင်းဆောင်တဲ့ အဖွဲ့ပါပဲ။ ကျောင်းသားတွေကို လက်နက် မထောက်ပံ့ဖို့နဲ့ အစိုးရနဲ့ စစ်ရပ်စဲရင် ရမယ့် စီးပွားရေး လုပ်ပိုင်ခွင့် တွေနဲ့ တိုင်းရင်းသား အဖွဲ့တွေကို မြန်မာ စစ်အစိုးရက စည်းရုံး ခဲ့ပါတယ်။

အဲဒီနောက် သူ့သြဇာ အာဏာ အကြီးဆုံး ကာလကို ရောက်သွား ပါတယ်။ သူဟာ ၁၉၉၂ ခုနှစ်မှာ အေးရှားဝါးလ် ကုမ္ပဏီ ထူထောင်ခွင့် ရခဲ့တယ်။ အရေးကြီးတဲ့ ပြည်တွင်းက ဆောက်လုပ်ရေးနဲ့ ကုန်သွယ်ရေးတွေ တရုတ် ပိုက်လိုင်း စီမံကိန်းတွေ ရေနက် ဆိပ်ကမ်းတွေ အမြောက်အများ လုပ်ကိုင်ခွင့် ရခဲ့ပြီး ဗမာပြည်မှာ သူ့ရဲ့ စီးပွားရေး အင်ပိုင်ယာကြီးကို ထူထောင်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။

Observer သတင်းစာ ရေးသားချက် အရ ၂ဝဝ၆ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး မင်္ဂလာပွဲကို ကြီးမှူး ကျင်းပ ရာမှာ လော်စစ်ဟန် မိသားစု ပါဝင်တယ်လို့ သိရပါတယ်။

လောစစ်ဟန်ကို ဘိန်းဖြူ လုပ်ငန်းရဲ့ ဂေါ့ဖားသား ဆိုပြီး အမေရိကန် အစိုးရက ၂ဝဝ၈ ခုနှစ်က သူတို့ မိသားစု လုပ်ငန်း တွေကို ဒဏ်ခတ် ပိတ်ဆို့မှု တွေ ချမှတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။