အီဂျစ် အရေး မြန်မာတွေ စိတ်ဝင်စားကြ

  • 6 ဇူလိုင် 2013
egypt
အီဂျစ် အရေးကို မြန်မာတွေလည်း စိတ်ဝင်စား

ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတွေ လုပ်နေကြတဲ့ မြန်မာလိုပဲ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်း နေတဲ့ နိုင်ငံ တွေထဲက တနိုင်ငံ ဖြစ်တဲ့ အီဂျစ် နိုင်ငံမှာ ဒီမိုကရေစီ ကျကျ ရွေးကောက် တင်မြှောက် ခဲ့တဲ့ သမ္မတကို စစ်တပ်က တခါပြန်လို့ အာဏာသိမ်းခဲ့ ပါတယ်။

အဲဒီလို အဖြစ်အပျက်တွေ အပါအဝင် အီဂျစ်က နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု သတင်းတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ မြန်မာ နိုင်ငံ အတွင်းမှာ ဖော်ပြနိုင်ကြ သလဲ၊ ဘယ်လောက် အထိ စိတ်ဝင်စား မှုရှိကြ သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြည်တွင်းက မီဒီယာ တခုဖြစ်တဲ့ 7 DAY NEWS သတင်းစာနဲ့ ဂျာနယ်က အမှုဆောင် အယ်ဒီတာ ကိုအားမန်ကို ဆက်သွယ် မေးကြည့်တော့ ပြည်တွင်းက သတင်းစာ နဲ့ဂျာနယ် တွေမှာ မျက်နှာဖုံး သတင်း အဖြစ်တောင် တင်ကြတဲ့ အကြောင်း ပြောပါတယ်။

ပြည်တွင်းမှာ ဒီလှုပ်ရှားမှု တွေနဲ့ ပတ်သက်လို့ တော်တော် များများက စိတ်ဝင်စား ကြတယ်လို့လည်း ဆိုပါတယ်။ လတ်တလော မှာတော့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြ ချက်တွေကို ဘာသာပြန် ကိုးကား ဖော်ပြ နေကြ ပေမယ့် မကြာခင်မှာ ပြည်တွင်းက နိုင်ငံတကာ အရေး စောင့်ကြည့် လေ့လာသူ တွေက သုံးသပ် ထားတာ တွေလည်း ဖော်ပြ လာကြလိမ့်မယ်လို့ ပြောပါတယ်။

အမေရိကန်က လေ့လာ ချက်တခုမှာ ဒီမိုကရေစီ အကူးအပြောင်းမှာ စစ်တပ်က ပြန်အာဏာသိမ်း တဲ့ အဖြစ်မျိုး ကြုံရ တတ်တာကို တွေ့ရှိထားကြောင်း၊ နိုင်ငံရဲ့ လူနေမှု အဆင့်နိမ့်ပြီး စီးပွားရေး မပြေလည်ရင်၊ ဒီမိုကရေစီ မခိုင်မာခင် ဂိုဏ်းကွဲ တတ်တာမျိုးတွေ ကြောင့်လည်း နောက်ပြန် လှည့်တတ်တာမျိုး ဖြစ်တတ်ကြောင်း စတဲ့ အချက်တွေကို အဓိကထား ထောက်ပြ ထားတဲ့ သုံးသပ်ချက် မျိုးကိုလည်း သူတို့ သတင်းစာတိုက်က ဖော်ပြ သွားဖို့တောင် လုပ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

တခြား သတင်းစာ တွေမှာလည်း အခုလို ပုံစံ သုံးသပ် ချက်မျိုးတွေ တွေ့လာရမယ် လို့လည်း ပြောပါတယ်။ မြန်မာ လူထုကလည်း ဒီမိုကရေစီ အသွင်ပြောင်း နေတဲ့ နိုင်ငံတနိုင်ငံ နောက်ကြောင်းပြန်လှည့် အာဏာသိမ်းသွားတဲ့ အပေါ်မှာ နားလည် ချင်နေ ကြတယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ