BBC navigation

ထွန်တုံးတိုက်ပွဲဝင် ကူညီသူတွေကို တရားစွဲ

နောက်ဆုံး ရေးသားချိန် 25 ဇွန်လ 2013 - 13:31 GMT

မအူပင်မြို့နယ်မှာလည်း အခုနှစ် ဆန်းပိုင်းက လယ်သမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြ

ပဲခူးတိုင်း နတ္တလင်းနဲ့ ပေါင်းတည် မြို့နယ်မှာ အာဏာပိုင်တွေ သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရ လိုမှုနဲ့ ထွန်တုံး တိုက်ပွဲ ဝင်ခဲ့ သူတွေကို အားပေး ကူညီလို့ ဆိုပြီး ဖမ်းဆီး ထားတဲ့ မိတ္ထိလာ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ဒေါ်မြင့်မြင့်အေး အပါ အဝင် ၃ ဦးကို ဇွန်လ ၂၅ ရက် နေ့က ရုံးထုတ်ပြီး အသင်းဖွဲ့ ပုဒ်မ ၆နဲ့ တရားစွဲ လိုက်ပါတယ်။

ပေါင်းတည်နဲ့ နတ္တလင်း မြို့နယ် တွေမှာ တပ်မတော် ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ-၁၂)နဲ့ မြို့နယ် ရဲတပ်ဖွဲ့က သိမ်းထားတဲ့ လယ်မြေ တွေကို ပြန်ရလိုမှုနဲ့ မူလ လယ်ပိုင်ရှင် လယ်သမား တွေက ဇွန်လ ၁၀ရက် နေ့က ထွန်တုံး တိုက်ပွဲ ဝင်ခဲ့ကြ ပါတယ်။

အဲလို ထွန်တုံး တိုက်ပွဲဝင် ရာမှာ အကူ အညီ လာပေးတဲ့ နတ္တလင်း ပြည်သူ့ အကျိုး ဆောင် ကွန်ယက် တာဝန်ခံ ကိုသန့်ဇင်ထက်၊ မိတ္ထီလာ ပြည်သူ့ အကျိုး ဆောင် ကွန်ယက် တာဝန်ခံ ဒေါ်မြင့်မြင့်အေးနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ဒေါ်ခင်မိမိခိုင် တို့ကို နယ်မြေခံ ရဲက ဇွန်လ ၁၁ ရက်နေ့ မှာ ဖမ်းဆီးထား ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာတော့ သူတို့ ၃ ယောက်ကို ရုံးထုတ်ပြီး အသင်း အဖွဲ့ ဆိုင်ရာ ပုဒ်မ ၆ နဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။ သူတို့ကို စွဲဆို လိုက်တဲ့ ပုဒ်မ ၆ နဲ့ ပတ်သက်ပြီး ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ပြည်မြို့က ရှေ့နေ ဒေါ်သန်းသန်းအေးက မြန်မာ နိုင်ငံမှာ ပေါ်ပေါက် နေတဲ့ မှတ်ပုံ တင်မထား သေးတဲ့ အရပ်ဘက် လူ့အဖွဲ့ အစည်း အသီးအသီး အတွက် သတိထား ဆင်ခြင်စရာ တခုဖြစ်တဲ့ အကြောင်း ပြောပါတယ်။

ခု ပုဒ်မ ၆နဲ့ တရားစွဲ ခံထားရတဲ့ ဒေါ်မြင့်မြင့်အေးတို့ သုံးဦး အတွက် ရှေ့နေ ဒေါ်သန်းသန်းအေး အပါအဝင် ရှေ့နေ ဒေါ်အေးအေးသက်နဲ့ ရှေ့နေ ဦးရဲလင်းနိုင် တို့က ရှေ့နေ ရှေ့ရပ် အဖြစ် ကူညီ ဆောင်ရွက် ပေးမယ်လို့ ဒေါ်သန်းသန်းအေးက ပြောပါတယ်။

အဖမ်းခံထားရသူ သုံးဦးလုံး အတွက် အာမခံ လျှောက်ထား ရာမှာတော့ မြို့နယ် တရား သူကြီးက ပယ်ချ လိုက်တာကြောင့် အဖမ်းခံ ရသူ သုံးဦးလုံး ပေါင်းတည် ထောင်ထဲ ကနေ အမှု မပြီး မချင်း ဆက်လက် ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။