BBC navigation

၂၀၁၅ လွန်ကာလ လိုအပ်ရင် NLD နဲ့ ညွန့်ပေါင်း ဖွဲ့နိုင်လို့ ဦးရွှေမန်းပြော

နောက်ဆုံး ရေးသားချိန် 15 ဇွန်လ 2013 - 02:09 GMT

ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှစစ်ဦးစီးချုပ် နဲ့အတူ

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာလည်း သူ့ရဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီအနေနဲ့ နိုင်ငံအကျိုးစီးပွားအတွက် လိုအပ်ရင် အန်အဲဒီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်မြို့မှာ အေပီ သတင်းဌာနကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးရွှေမန်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်မှုတည်ဆောက်တာ၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိတယ် စတာမျိုး ပြောတာတွေဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွက် မဲ ရအောင် ပြောတာလားဆိုတာ စဉ်းစားစရာ ဖြစ်တယ်လို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ဘားမားတူဒေး သတင်းဌာနက အယ်ဒီတာ ဦးမြင့်လှိုင်က သူ့အမြင်ကို ပြောပါတယ်။

တိုင်းပြည်တိုးတက်ရေးအတွက် သူတို့ နှစ်ယောက် ပြောဆိုလုပ်ကိုင်ကြမယ်ဆိုတာ ယုံကြည်ပေမယ့် တခြားနိုင်ငံရေး အကျိုး အမြတ် ရဖို့အတွက် ဘယ်သူက ဘယ်အချိန်မှာ ဘယ်သူက ဘယ်လို နိုင်ငံရေး ကစားတယ်ဆိုတာ ပြောဖို့ ခက်တယ် လို့ ဦးမြင့်လှိုင်က ဆိုပါတယ်။

ဦးရွှေမန်းရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်လို့တော့ ဦးရွှေမန်းကို အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ အမြင်မျိုးနဲ့ အရင်က အများက နားလည်နေခဲ့သလို တရုပ်ခေါင်းဆောင်ပိုင်းကလည်း အရင်က အဲဒီလို သိထားခဲ့တယ်လို့ သူယုံကြည်တယ်ကြောင်း ပြောပါတယ်။

အမေရိကန်တို့က မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင်မျိုးနဲ့ ဆက်ဆံဖို့ လိုအပ်သလို ဦးရွှေမန်းလို စစ်ဘက်က ထိပ်တန်းအရာရောက်တယ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ တွေ့ဖို့လည်းလိုအပ်တယ်၊ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ စထားတဲ့ ဆက်ဆံရေးကို ပို ခိုင်မာအောင်လုပ်ပြီး တရုပ်တို့နဲ့လည်း ဆက်သါယ်ရေးလမ်းကြောင်းကို မပျက်အောင် ထားနိုင်ရင် မြန်မာနိုင်ငံရဲ့ အလားအလာ အများကြီးကောင်းမယ်လို့ ဦးမြင့်လှိုင်က သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။