မလေးရှား မှာ ရခိုင်တချို့ တိုက်ခိုက်ခံရ

  • 9 ဇွန် 2013
_malaysia_
မလေးရှားမှာ ရခိုင် တချို့ တိုက်ခိုက်ခံရ

မလေးရှား နိုင်ငံမှာ အလုပ် လုပ်ဖို့ရောက်လာတဲ့ ရခိုင် တချို့ ဒီရက် အတွင်း တိုက်ခိုက်ခံ ရမှု တွေ ရှိနေ ပါတယ်။ မနေ့ က ဆိုရင် ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် မှ ရောက် လာသူ ကိုခင်မောင်ဝင်း ဟာ မလေးရှား ထီးစက်ရုံ မှ အလုပ်သမား တယောက် ဖြစ် ပါတယ်။ မလေးရှား ရောက်တာ ၉ လ မျှ ရှိပါသေးတယ်။

ဇွန်လ ၈ ရက် မနက်စောစော ၃ နာရီ ခန့် မှာ ရခိုင် အလုပ်သမား ၆ ယောက် အိပ်နေစဉ် သစ်သားအိမ် ရဲ့ အိမ်နံရံ သွပ်ပြား လက်တဝါးခန့် အပေါက် မှ စပရေးဗူး နဲ့ ဖျန်းရာ၊ အလုပ်သမား တွေ ဟာ မျက်စိစပ်၊ အသက်ရှူ မွန်းလာတဲ့ အတွက် အိမ်တံခါး ကို ဖွင့်လိုက်ကြပါတယ်။ ဒီအခါ မှာ မျက်နှာဖုံး တပ်ထားတဲ့ လူခြောက်ယောက် ဟာ ဓါး ကိုယ်စီ ကိုင်ဆောင် ထားပြီး အလုပ်သမားတွေ ကို ခုတ်ပါတယ်။ လေးယောက် က ထွက်ပြေး လွတ်မြောက် သွားကြပါတယ်။

ကိုခင်မောင်ဝင်း နဲ့ အခြား အလုပ်သမား တယောက် ကတော့ တိုက်ခိုက်ခံရပါတယ်။ ကိုခင်မောင်ဝင်း ဟာ လက်၊ နှာခေါင်း နဲ့ ခေါင်း တွေမှာ ဒဏ်ရာရပြီး မေ့မျော သွားတဲ့ အတွက် မိတ်ဆွေ တွေက ဆေးရုံတင်တဲ့ အကြောင်း ဘီဘီစီ ကိုပြောပြပါတယ်။ သူတို့ကို တိုက်ခိုက်သူတွေ ဟာ ကိုယ်လုံး ကိုယ်ထည် ထွားကျိုင်းပြီး၊ မလေး စကား ပြောကြပေမယ့်၊ ပီသခြင်း မရှိ၊ မြန်မာလိုတော့ မပြော တဲ့ အတွက် အိန္ဒိယ မှ မွတ်စလင် တွေ ဟု ထင်မြင်ကြောင်း၊ သူ တို့ အလုပ်လုပ်တဲ့ ထီးစက်ရုံ မှာ အဆိုပါ လူမျိုးတွေ များ ကြောင်း ဘီဘီစီ ကို ကိုခင်မောင်ဝင်း က ရှင်းပြပါတယ်။

ဒီအခင်းဖြစ်မှု မတိုင်မီ၊ ပြီးခဲ့တဲ့ ရက်ကလည်း မြန်မာ လူမျိုး သုံးယောက် တိုက်ခိုက်ခံ ရတဲ့ အခါမှာ နှစ်ယောက်ဟာ နေရာတင် ပွဲချင်းပြီး သေဆုံးသလို၊ ကျန်တယောက် က ဆေးရုံ အရောက် မှာ သေဆုံးတဲ့ အကြောင်း မလေးရှားဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။