BBC navigation

KIO နဲ့ မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပစ်ရပ်ရေးထက် နိုင်ငံရေးကို အဓိကထားမယ်

နောက်ဆုံး ရေးသားချိန် 26 မေလ 2013 - 01:22 GMT

လန်ဒန် ဘီဘီစီ စတူဒီယို ထဲက KIO ဒုတိယ ဗိုလ်ချုပ်ကြီး N' Ban La

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ကြား မေလ ၂၈ ရက်နေ့ ကျရင် မြစ်ကြီးနားမှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

နှစ်နှစ်ကြာ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားမှု အတွင်း ငြိမ်းချမ်းရေး အတွက် တရုတ် နိုင်ငံ ရွှေလီမှာ အရင်က တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် မြစ်ကြီးနားမြို့မှာတော့ ဒါဟာ နှစ်ဖက် ပထမဆုံး တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မျှော်လင့်လို့ ရတာက နိုင်ငံရေး ဆွေးနွေးမှု ဖြစ်လာရေးက အဓိကဘဲလို့ ကေအိုင်အို ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

အပစ်ရပ်ရေးကို အရင်က နှစ်ကြိမ် ၊ သုံးကြိမ် ဆွေးနွေးခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။

နိုင်ငံရေးကြောင့် ဖြစ်လာရတဲ့ ကိစ္စကို နိုင်ငံရေး နည်းနဲ့ဘဲ ဖြေရှင်းသွားမယ် ၊ အပစ်ရပ်ရေး လောလောဆယ် မဖြစ်နိုင်ဘူးလို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာက စောင့်ကြည့်ရေး အဖွဲ့ထားဖို့ကိုလည်း အဓိက ဆွေးနွေးသွားမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

အစိုးရက တိုင်းပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးကြောင့် ပဋိပက္ခ ဖြစ်ရတာလို့ အသိအမှတ် မပြုဘဲ ဆူပူ သောင်းကျန်းမှု လုပ်တာလို့ ထင်နေတယ် ဆိုပြီး သူ့အမြင်ကို ရှင်းပြခဲ့ပါတယ်။

တခါ ကေအိုင်အေ ဒု ဗိုလ်ချုပ်ကြီးက နိုင်ငံတကာက စောင့်ကြည့်မှု မပါရင် အလုပ် ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တရုတ်ကလည်း အမေရိကန် ဖက်က ပါဝင်မှု နယ်စပ်ထိ ရောက်လာမှာကို စိုးရိမ်ပုံရပြီး US နဲ့ UK စတဲ့ အနောက်နိုင်ငံတွေ ပါဝင်လာမှာကို မလိုလားပုံ မရဘူးလို့ သူက ပြောပါတယ်။

နိုင်ငံတကာက စောင့်ကြည့်မှုတွေ မပါရင် ကေအိုင်အို ဖက်က လက်မခံဘူးလို့ ဆုံးဖြတ်ထားပြီး ကုလသမဂ္ဂ အရာရှိ ဘီဂျေး နမ်ဘီးယား ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ် ဆိုတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ကေအိုင်အေ ကတော့ US ၊ UK အပြင် တရုတ်တို့ ပါဖို့ ကမ်းလှမ်းထားပြီး အစိုးရက နိုင်ငံရေး ဆွေးနွေးဖို့ မချမှတ် နိုင်ရင် ဆွေးနွေးမှုက အလကားဘဲလို့ ဆိုပါတယ်။

အစိုးရက နိုင်ငံရေး ဆွေးနွေးမှုကို သိတ်အလေးထားပုံ မရဘဲ သူတို့ အနေနဲ့ အပစ်ရပ်ရေးကို အဓိက မထားရခြင်းက လက်ရှိ တခြား တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့ ၁ဝ ဖွဲ့နဲ့ အပစ်ရပ်ထား ပေမယ့် တိုက်ပွဲတွေ ခဏခဏ ပြန်ဖြစ် နေတာကို တွေ့ရတဲ့ အတွက် နိုင်ငံရေး အရ ဖြေရှင်းဖို့ စဉ်းစားရတာလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် သူတို့နဲ့ UNFC နဲ့ ပြောထားတာ ရှိပြီး သူတို့ လိုလားချက်တွေကို ပန်းတိုင် တခုတည်းအောက်မှာ တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ အတူ အဖြေရှာသွားဖို့ ဖြစ်တယ်လို့ ကေအိုင်အေ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။