ဂျပန်ဝန်ကြီးချုပ်ရဲ့ မနက်ဖြန်စမယ့် မြန်မာခရီးစဉ်

  • 23 မေ 2013

ဂျပန်ဝန်ကြီးချုပ် ရှင်ဆို အာဘေးဟာ ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တဦးရဲ့ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မေလ ၂၄ ရက်နေ့ကနေ မေလ ၂၆ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တနင်္ဂနွေနေ့မှာ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ စနေနေ့ မွန်းလွဲမှာ တွေ့ဖို့ စီစဉ်ထားတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာဆုယူဆာတိုက ပြောပါတယ်။

ဝန်ကြီးချုပ်နဲ့အတူ စီးပွားရေးလုပ်ငန်းခေါင်းဆောင် ၃၀ ကျော် နဲ့ ၊ ပညာရှင်တွေ နောက်ပြီး ဖက်ရှင်ဒီဇိုင်းနာတွေအပါအဝင် ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စတဲ့ လုပ်ငန်းစဉ်တွေမှာ တိုးတက်မှု ရှိနေပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ဂျပန်ဝန်ကြီးချုပ် အနေနဲ့ ဒါတွေကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ် ရဲ့ အဓိက ရည်ရွယ်ချက်က နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မြဲအောင်လုပ်ဖို့ ၊ စီးပွားရေးဆက်ဆံမှုတွေ တိုးမြှင့်ဖို့ နဲ့ ဒေသတွင်းလုံခြုံရေးနဲ့ ဒေသအရေး ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံဟာ ၂၀၁၄ ခုမှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူမှာ ဖြစ်လို့ အခုအချိန်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးအပြင် ကမ္ဘာ့ ရေးရာတွေကိုဆွေးနွေး နိုင်ကြမယ့် အချိန်ကောင်း လည်းဖြစ်တယ်လို့ မစ္စတာ ဆာတိုက ပြောပါတယ်။။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းထဲပြန်ရောက်အောင် ဦးဆောင်လုပ်နေတဲ့နိုင်ငံဖြစ်ပြီး ဥပမာအားဖြင့် တိုကျိုမှာ မြန်မာနိုင်ငံဆိုင်ရာ ညီလာခံ ကျင်းပတာမျိုးတွေ လုပ်ခဲ့သလို မြန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီတွေ လျော့ချ ရေးကို အစီအစဉ်ချ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို အထောက်အပံပေးမယ့် အစီအစဉ်သစ်တခုကို နေပြည်တော်မှာရှိတဲ့ မြန်မာ အရာရှိတွေနဲ့ ဒီခရီးစဉ်မှာ ဆွေးနွေးပြီး ကြေညာမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ရဲ့ လူနေမှုဘဝ တိုးတက်စေဖို့၊ လုပ်ရည်ကိုင်ရည် စွမ်းအားတိုးတက်မြင့်မားလာစေဖို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာစဖို့ ရည်ရွယ်ပါတယ်။

ဘယ်လောက် အကုန်အကျခံ ကူညီမယ်ဆိုတာကို မစ္စတာ ဆာတိုက အတည်ပြုမပြောပေမယ့် အေအက်ဖ်ပီ သတင်းထဲမှာတော့ ဒေါ်လာ သန်းတထောင် ရှိမယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ကူညီဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်တာဝန်ပေးထားတဲ့ မစ္စတာယိုဟေး ဆာဆာကာဝါလည်း အခု ဂျပန်ဝန်ကြီးချုပ် ခရီးစဉ်မှာ လိုက်ပါသွားမှာ ဖြစ်တယ် လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ မာဆုယူဆာတို ပြောကြားခဲ့ပါတယ်။