မြန်မာသံရုံး ဗုံးခွဲဖို့ ကြံသူ အင်ဒိုနီးရှား နှစ်ဦးကို ဖမ်းမိ

  • 23 မေ 2013
မြန်မာသံရုံး ဗုံးခွဲဖို့ ကြံခဲ့မှုအပေါ် အင်ဒိုနီးရှားရဲက စီးနင်း ရှာဖွေမှုတွေ ဆက်တိုက်လုပ်ခဲ့

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ အကွက်ချ ကြံစည် ခဲ့တယ်ဆိုတဲ့ ကိစ္စမှာ ဆက်နွယ်နေမှုနဲ့ မသင်္ကာဘွယ်လူ နှစ်ဦးကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မဖြစ်ခင် ကြိုတင် လက်ဦးမှု ရပြီး ဖေါ်ထုတ်နိုင်ခဲ့တဲ့ အဲဒီဗုံးခွဲ တိုက်ခိုက်မှုကို ဒီလူနှစ်ဦးထဲက တဦးဖြစ်တဲ့ Sijit Indrajit ဆိုသူက အကွက်ချ စီစဉ်ခဲ့တာလို့ ယူဆရပြီး သူ့ကို ဗုဒ္ဒဟူးနေ့ညက ဂျာကာတာမြို့ မြောက်ပိုင်းမှာ ဖမ်းဆီးမိခဲ့တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

Rohadi ဆိုတဲ့ နောက်လူကိုတော့ အနီးမှာရှိတဲ့ Banten ပြည်နယ် Tangerang မြို့က သူ့အိမ်မှာ ဒီကနေ့ အစောပိုင်းက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအိမ်မှာ ဆာလ်ဖါ အမှုန့်လို ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ သံပိုက်တွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အခုလ အစောပိုင်းက မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်သူတွေလို့ မသင်္ကာဘွယ် လူနှစ်ဦးကို လက်လုပ်ဗုံး ၅လုံးနဲ့ ဖမ်းဆီးမိပြီးတဲ့နောက် ရဲတပ်ဖွဲ့က ဆက်တိုက်ဆိုသလို စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ရာမှာ ပစ်ခတ်မှုတွေ အတွင်း လူ တဦး သေဆုံးပြီး ၂၀ကျော် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဖမ်းမိသူတွေက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေအပေါ် တိုက်ခိုက်နေမှုတွေ ရှိနေတာကြောင့် လက်စားချေတဲ့ အနေနဲ့ လုပ်တာလို့ ရဲကို ထွက်ဆိုခဲ့ပါတယ်။