ဦးသိန်းစိန်ရဲ့ ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်ကြ

  • 22 မေ 2013
ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီး အောင်မြင်တယ်လို့ အကဲခတ် တချို့က သုံးသပ်

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ အမေရိကန် နိုင်ငံ ခရီးစဉ် ပြီးဆုံးပြီ ဖြစ်လို့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာလာပြီ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်အဖြစ် အကဲခတ် တချို့က သုံးသပ်ပါတယ်။

အမေရိကန်နိုင်ငံ အခြေစိုက် Asia Society အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပေါ်လစီ စီမံကိန်းဌာန ဒုတိယ ဥက္ကဌ Suzanne Di Maggio က ဒီခရီးစဉ်ကြောင့် နှစ်ဦးနှစ်ဘက် အကျိုးရလဒ်တွေ ရနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကြောင့် သမ္မတ အိုဘားမားအနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အပေါ် အသိအမှတ်ပြု ထောက်ခံနိုင်ဖို့ အခွင့်အရေး ရခဲ့သလို အမေရိကန် အစိုးရ စိုးရိမ် ပူပန်တဲ့ မွတ်ဆလင် လူနည်းစု ပြဿနာ၊ နိုင်ငံရေး အကျဉ်းသား ပြဿနာ စတာတွေနဲ့ ပတ်သက်လို့ လည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့်ကတော့ ပြုပြင်ပြောင်းလဲရေးမှာ မိတ်ဘက် ပါတနာ တယောက်အဖြစ် အမေရိကန် ဘက်က ထောက်ခံလိုက်တာရယ်၊ အမေရိကန် မြန်မာ ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်နိုင်လိုက်တာရယ်ဟာ အဓိက အကျိုးရလဒ်တွေလို့ ထင်ကြောင်း ပြောပါတယ်။

အမေရိကန် ဘက်က ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ပေးပြီးလို့ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကြမယ်၊ မြန်မာ ကုန်ပစ္စည်းတွေ အမေရိကန် စျေးကွက်ထဲ ရောက်လာမယ် ဆိုရင် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကောင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုချိန်မှာ ပိတ်ဆို့မှုအစား ဖွံ့ဖြိုးမှုကို အားပေးသင့်ကြောင်း ဒါမှသာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အားပေးရာ ရောက်မှာ ဖြစ်ကြောင်း Miss Suzanne Di Maggio ပြောပါတယ်။

မနေ့တုန်းကလည်း ဆီးနိတ်လွှတ်တော်အမတ် Mitch McConell က အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။