BBC navigation

လက်ပံတောင်းသပိတ် ဖြိုခွဲခံရမှု ၅ လပြည့် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 29 ဧပြီလ 2013 - 16:56 GMT

လက်ပံတောင်း သပိတ် ဖြိုခွဲခံရမှု ၅ လပြည့် မှာ ရန်ကုန် မှာလည်း ဆန္ဒပြခဲ့ကြ

လက်ပံတောင်း တောင် သပိတ်စခန်းတွေ အကြမ်းဖက် ဖြိုခွင်း ခံရတဲ့ ၅ လပြည့် အနေနဲ့ ကြေးနီ စီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံ ရတဲ့ လယ် သမား ၅၀၀ ကျော်ဟာ ပုသိမ် မုံရွာလမ်း အတိုင်း ညောင်ပင်ကြီး ရဲစခန်းထိ ချီတက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဆန္ဒပြ သူတွေဟာ လက်ပံတောင်း စီမံကိန်း ဖျက်သိမ်း ပေးရေး လျော်ကြေး မယူရ သေးတဲ့ ယာမြေတွေ ပေါ်က စီမံကိန်း အဆောက် အဦးတွေ မြေစာ ပုံတွေ ဖယ်ရှား ပေးရေး နဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်း ပေးရေး စတဲ့ အချက် ၇ ချက်ကို တောင်းဆို ခဲ့ကြ ပါတယ်။

အခု ဆန္ဒပြပွဲဟာ ကြိုတင် ခွင့်ပြုချက် ယူပြီး ခွင့်ပြုမိန့် ရမှ ဆန္ဒပြတာ ဖြစ်တဲ့ အတွက် နယ်မြေခံ ရဲတွေက လုံခြုံရေး တာဝန်တွေ လိုက် ယူပေးတယ်လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

လက်ပံတောင်း ဒေသခံတွေရဲ့ ဆန္ဒပြပွဲတွေကို ကူညီပေးလို့ ဖမ်းဖို့ အမိန့် ထုတ်ပြန် ထားတဲ့ ကွန်ယက် အသီးသီးက ခေါင်းဆောင် တွေတော့ ဆန္ဒပြပွဲမှာ ပါဝင်ခြင်း မရှိဘူး လို့ သိရပါတယ်။

ဒေသ အာဏာပိုင်တွေ ကတော့ ဖမ်းဆီးဖို့ ကြေငြာထားသူ ၇ ယောက်ကို လက်မခံဖို့ ဒေသခံ ကျေးရွာ အားလုံးကို လိုက်လံ ပြောဆိုတာ ရှိသလို ဖမ်းဆီးဖို့ အလိုရှိ သူတွေရဲ့ ဓါတ်ပုံတွေ ကိုလည်း လူစည်ကားတဲ့ နေရာ တွေမှာ လိုက်လံ ကပ်ထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုဖြစ်နေတဲ့ လက်ပံတောင်း အရေးနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ လက်ပံတောင်း အရေးလှုပ်ရှားသူ ၁၅၀ ကျော် ကလည်း မြို့တော် ခန်းမရှေ့ လမ်းတဘက်ခြမ်း မဟာ ဗန္ဓုလ ပန်းခြံရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

သူတို့တောင်းဆို ချက်တွေ ကတော့ ဧပြီ ၂၅ ရက်နေ့က ဖမ်းဆီး ထားတဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဒေသခံ ၂ ယောက် လွှတ်ပေးဖို့ ၊ ဖမ်းဝရမ်း ထုတ်ခံ ထားရတဲ့ သူတွေကို ချွင်းချက် မရှိ လွှတ်ပေးဖို့ အပါအဝင် ညှိနှိုင်းဆဲ ကြားကာလမှာ စီမံကိန်းတွေ ရပ်ဆိုင်း ထားဖို့ စတဲ့ တောင်းဆိုချက် ၅ ခုနဲ့ ဆန္ဒပြ ခဲ့တယ်လို့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက် အဖွဲ့ဝင် မအေသင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။