ပြည်နယ်တိုင်းအစိုးရ သစ်ခွန်ကောက်ခွင့်ရ

  • 25 ဧပြီ 2013
Timber
သစ်မာများကိုလည်း ပြည်နယ်တိုင်း အစိုးရတွေ ရသင့်တယ်လို့ ဦးစိုင်းအိုက်ပေါင်းပြော

ဧပြီလဆန်းမှာ စတဲ့ ဘဏ္ဍာနှစ်သစ်က စလို့ ကျွန်းနဲ့ သစ်မာ ၅၆ မျိုးက လွဲပြီး ကျန်တဲ့ သစ်မျိုး ၁ဝ၄ မျိုးရဲ့ အခွန်အခ တွေကို ဗဟို အစိုးရ မကောက်တော့ဘဲ ပြည်နယ်နဲ့ တိုင်း အစိုးရ တွေက ကောက်ဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီး ဌာန က ကြေညာ လိုက်ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေက ခွင့်ပြုတဲ့အတိုင်း ပြည်နယ်နဲ့ တိုင်း အစိုးရ အသုံးစရိတ် အခွန်ဘဏ္ဍာ အတွက် ကောက်ယူနိုင်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ဒီလို ကောက်ယူနိုင်တာဟာ သမ္မတဆီ တောင်းဆို ပန်ကြားမှုတွေ လုပ်ခဲ့တဲ့ အတွက် ခုလို အထိုက်အလျောက် အခွင့်အရေး ရလာတာ ဖြစ်ကြောင်း၊ နောင်မှာ အခွင့်အရေးတွေ ဒီထက် ပိုရလာမယ်လို့ မျှော်လင့်ကြောင်း ရှမ်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဒါပေမဲ့ အခု အခွန် ကောက်ယူရမယ့် သစ်အမျိုးအစားတွေဟာ အဓိက သစ်တွေ မဟုတ်ဘဲ တန်ဖိုးနည်း သစ်တွေသာ ဖြစ်နေသေးကြောင်း သူက ထောက်ပြ ပါတယ်။

ကျွန်းကို ပြည်ထောင်စုအစိုးရက ကောက်ခံ နိုင်ပေမယ့် ကျန်တဲ့သစ်တွေကိုတော့ ဒေသ အစိုးရတွေဆီ ချပေးသင့်ကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

လွှတ်တော်တွင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်နေကြတဲ့အတွက် နောက်ပိုင်း မှာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုရရေးလည်း ဆွေးနွေးလာရမှာ ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ