၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဒေါ်စု ဝေဖန်

  • 14 ဧပြီ 2013
တိုကျို မြို့မှာ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲ မှာ အခုလို ဝေဖန် သွားခဲ့ တာ ဖြစ်ပါတယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဆိုရင် ၂၀၁၅ ရွေးကောက် ပွဲဟာ တရားမျှ တမှု မရှိနိုင်ဘူး လို့ ဝေဖန် ပြောကြား လိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျို မြို့မှာ မြန်မာ မိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဝေဖန်သွားခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံ ဥပဒေ ထဲက ဘယ်အချက် တွေက ရွေးကောက်ပွဲရဲ့ တရား မျှတမှုကို အဟန့် အတား ဖြစ်စေတယ် ဆိုတာ မျိုးတော့ အတိ အကျ ထောက်ပြ သွားတာမျိုး မရှိပါ။

အခြေခံ ဥပဒေမှာ ပါဝင်တဲ့ သမ္မတ အရည် အချင်း သတ်မှတ်ချက် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အမြဲ ထောက်ပြလေ့ ရှိတဲ့ အချက် တချက်လည်း ဖြစ်ပါတယ်။ သမ္မတနဲ့ ဒုတိယ သမ္မတ အရည် အချင်းတွေ ထဲမှာ သားသမီး၊ သားမက်၊ ချွေးမ တွေက နိုင်ငံခြားသား မဖြစ် ရဘူး ဆိုတဲ့ အချက်လည်း ပါဝင်တဲ့ အတွက် ၂၀၀၈ အခြေခံ ဥပဒေ အရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယ သမ္မတတို့ သမ္မတတို့ ဖြစ်နိုင်တဲ့ အရည် အချင်း ပျက်ယွင်း ပါတယ်။

၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲ ရည်မှန်းချက် နဲ့ ရွေးကောက်ပွဲ ကတိတွေ ထဲမှာလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အဓိက အချက် အနေနဲ့ NLD က ဖော်ပြခဲ့ ပါတယ်။

ဒါပေမဲ့ တခြား တဘက် မှာတော့ အခြေခံ ဥပဒေကို လေးစား လိုက်နာ ပါ့မယ်လို့ ကျမ်းသစ္စာ ကျိန်ဆို ထားသလို၊ ပြီးခဲ့တဲ့ NLD ညီလာခံ အပြီး ပါတီ မူဝါဒတွေ ချမှတ် ခဲ့ရာ မှာလည်း ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတဲ့ အချက် မပါဝင် ခဲ့တဲ့ အတွက် NLD ရဲ့ မူဝါဒဟာ ပြောင်းလဲ သွားပြီလား လို့ မေးခွန်း ထုတ်ခဲ့ကြ ပါတယ်။

ဒီလို အခြေ အနေ မျိုးမှာ အခု တခါ ၂၀၀၈ အခြေခံ ဥပဒေကြောင့် ရွေးကောက် ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဝေဖန် လိုက်တာ ကတော့ ထူးခြား တယ်လို့ ဆိုနိုင် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မြန်မာ ပြည်သူ တွေနဲ့ နိုင်ငံ တကာ အသိုင်း အဝိုင်း အပြင် မြန်မာ အစိုးရ ကပါ အမြဲတမ်း လိုလို ဂရုတစိုက် နားထောင်လေ့ ရှိကြတာမို့ အခု ဒေါ်အောင်ဆန်းစုကြည် ဒီလို ပြောလိုက်တာ ဟာလည်း သူ့ အနေနဲ့ အလေး အနက်ထား ပြောဆို လိုက်တာ ဖြစ်မယ်လို့ ယူဆရဖွယ် ရှိကြောင်းပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ