ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် ခရီးစဉ် စတင်

  • 12 ဧပြီ 2013
ဂျပန်ကုန်သွယ်ရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ မြန်မာနိုင်ငံမှာ တွေ့ဆုံစဉ်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျပန်နိုင်ငံကို သီတင်း တပတ် ခရီးစဉ် အဖြစ် သောကြာနေ့ ညက ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၂၈နှစ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပထမဆုံး ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၈၅ - ၈၆ ခုနှစ်တွေ တုန်းက ကျိုတို တက္ကသိုလ်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း သုတေသန ပြုရင်း ဂျပန်နိုင်ငံမှာ နေခဲ့ဖူးပါတယ်။

အခုခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ လွှတ်တော် ဉက္ကဌ၊ အမတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို သူဂျပန်မှာ နေခဲ့စဉ် တုန်းက ကြုံဆုံခဲ့ဖူးသူ ပါမောက္ခတွေ ၊ မိတ်ဆွေတွေနဲ့ လည်း ပြန်တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ NLD အဖွဲ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ကို နိုင်ငံတကာက ထောက်ခံလာအောင်နဲ့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အကူအညီတွေ ရရေး အတွက် ရည်ရွယ် သွားရောက်တာလို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ အများကြီး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ထက်သန်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။