ပဋိပက္ခကို ဘက်ပေါင်းစုံက ဖြေရှင်းဖို့ သဘောတူ

  • 30 မတ် 2013
Conflict MPC
MPC မှာ စနေနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲ

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ဘာသာရေး အသွင် ပဋိပက္ခကို ဘက်ပေါင်းစုံက ပူးပေါင်း ဖြေရှင်းဖို့ ကြိုးပမ်း နေကြတယ် မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး ဘာသာရေး ခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ ပူးတွဲ ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။

မိတ္ထီလာ အဓိဂရုဏ်း ဖြစ်ပြီးနောက် ဘာသာပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ ဆွေးနွေး အဖြေရှာတဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ စနေနေ့က ကျင်းပခဲ့တာ ဖြစ်ပါ တယ်။

‘မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ သဟဇာတ ဖြစ်ရေးအတွက် အရပ်ဖက် လူ့အဖွဲ့ အစည်းများ နှင့် ဘာသာ ပေါင်းစုံ ဆွေးနွေးပွဲ’ လို့ ခေါင်းစဉ် တပ်ထားတဲ့ ဆွေးနွေးပွဲကို နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်၊ ဓမ္မဒူတ အရှင် ဆေကိန္ဒ၊ ဦးဝီရသူ တို့ တက်ရောက် ချီးမြှင့် ဆွေးနွေး ကြတဲ့အပြင် အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှု အဖွဲ့အစည်း တွေနဲ့ နိုင်ငံရေး ပါတီတွေ တက်ရောက် ကြပါတယ်။

ပူးတွဲ ကြေငြာချက် ထဲက အချက် ၁၀ ချက်ထဲမှာ ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲ နေထိုင် နိုင်ရေးနဲ့ ပတ်သက်တဲ့ ပညာပေး ဆွေးနွေးမှုတွေ နဲ့ ကျောင်း သင်ခန်းစာ တွေမှာလည်း ထည့်သွင်း သင်ကြားနိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားဖို့လည်း သဘော တူတယ်လို့ ဖော်ပြ ပါတယ်။

ဒီအစည်းအဝေးကို သမ္မတရဲ့ လူမှု စီးပွား အကြံပေးအဖွဲ့ရဲ့ ပန်ကြားချက်နဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ (MPC)ကျင်းပတာလို့ MPC အဖွဲ့ဝင် ဦးညိုအုန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မတ်လ ၂၈ ရက်နေ့ မိန့်ခွန်းပါ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သမ္မတရဲ့ ရပ်တည်ချက်ကို ထောက်ခံသလို “ဥပဒေမဲ့ အကြမ်းဖက် ဆူပူမှုများကို နိုင်ငံတော်အစိုးရမှ ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူသွားမည်”ဆိုတဲ့ အစိုးရရဲ့ ကတိကိုလည်း အပြည့်အဝ တာဝန် ယူ အကောင်အထည် ဖော်ဖို့လည်း ပူးတွဲ ကြေငြာချက်မှာ တိုက်တွန်း ထားပါတယ်။