အင်အားသုံး ဖြေရှင်းနည်းကို ဦးသိန်းစိန် မလိုလားဟုဆို

  • 29 မတ် 2013
ဒီမိုကရေစီကို အဟန့်အတား မဖြစ်စေချင်လို့ အင်အားသုံးတာကို ထိန်းသိမ်းခဲ့ဟုဆို

မိတ္ထီလာ မြို့က အစပြုပြီး မြန်မာ နိုင်ငံ အောက်ပိုင်း ဒေသ တွေကို ပျံ့နှံ့ သွားတဲ့ ဘာသာရေးနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က မနေ့က မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထားလို့ ယူဆဖွယ် ဖြစ်တဲ့ စကား တခွန်းကို သူက ပြောသွားပါတယ်။

အဲဒါကတော့ အယူသီး အစွန်းရောက် လုပ်ရပ်တွေကို ထိထိ ရောက်ရောက် အရေးယူ သွားမယ် ဆိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လတ်တလော ဖြစ်ပွား နေတဲ့ ပြဿနာ တွေမှာ အစိုးရက ထိထိ ရောက်ရောက် အရေး မယူဘူး ဆိုတဲ့ ဝေဖန်ချက် တွေက တော်တော်ကို ကျယ်ကျယ် ပြန့်ပြန့် ထွက်နေ ပါတယ်။ ဒါကို ဖြေရှင်းချက် ထုတ်ထား တယ်လို့ ယူဆ ရတဲ့ စကား တခွန်းကိုလည်း သမ္မတက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

အစိုးရ အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းဟာ ဒီမိုကရေစီ ကျင့်စဉ်ကို စမ်းသပ် ကျင့်သုံး ရာမှာ အဟန့် အတား မဖြစ် စေချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ အင်အားသုံး ပြီး ပြဿနာ တွေကို ဖြေရှင်း တာကို မနှစ်သက် ပါဘူးလို့လည်း မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောကြားထား ပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် လက်ထက် မှာပဲ လက်ပံတောင်း အရေး အခင်း ၊ မလက်တို အရေး အခင်း တွေမှာ အင်အားသုံး ဖြေရှင်း ခဲ့တဲ့ အထောက် အထားတွေ ရှိခဲ့ ပါတယ်။

ဒီတော့ သမ္မတ အနေနဲ့ အခု အခါ ကျမှ အင်အားသုံး ဖြေရှင်း တာမျိုးကို မနှစ်သက် ပါဘူးလို့ ပြောဆိုတာဟာ ဒွိဟ ဖြစ်စရာ ဖြစ်နေပါတယ်။

ဒါပေမဲ့ သူက ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ထိပါး လာရင် ထိထိ ရောက်ရောက် နှိမ်နင်း သွားမယ် လို့တော့ ဆိုပြန်ပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က အခု ဖြစ်တဲ့ ပဋိပက္ခ တွေဟာ ဒီမိုကရေစီ အသွင် ကူးပြောင်း ကာလမို့ ပေါ်ပေါက်တာ လို့လည်း ဆိုသွားပါတယ်။

ဒီလို ကာလမျိုးမှာ မဖြစ် မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုလို့လည်း ဆိုပါတယ်။ မဖြစ် မနေ ကြုံတွေ့ ရမယ် ဆိုတဲ့ အသုံး အနှုန်း ဟာလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းတဲ့ ကာလမျိုးမှာ ဘာ့ကြောင့် ဒါမျိုးဟာ မဖြစ် မနေပေါ်ပေါက်သလဲ ဆိုတာ တွေးတောဖွယ် ဖြစ်ပါတယ်။