BBC navigation

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုကို လက်ခံ

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 17:34 GMT

ဒီအဆိုကို ပြည်ခိုင်ဖြိုးက တင်တာ ဖြစ်လို့ ထူးခြား မှု ရှိတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်

၂၀၀၈ အခြေခံ ဥပေဒ ပြုပြင်ရေး အတွက် လေ့လာ သုံးသပ်ရေး ကော်မတီတွေ ဖွဲ့စည်းရန် သောကြာနေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေးမှာ အဆို တင်သွင်း ရာ ကန့်ကွက်သူ မရှိ ထောက်ခံခဲ့ ကြပါတယ်။

ဝက်လက် မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် သူရ ဦးအေးမြင့်က ဒီအဆိုကို တင်သွင်း ခဲ့တာ ဖြစ်ပြီး၊ မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေး ပြီးနောက် တညီ တညွတ်တည်း ထောက်ခံ ခဲ့ကြတာ ဖြစ်ပါတယ်။

အခု အဆို တင်သွင်း မှုဟာ ထူးခြားမှု ရှိတယ်လို့ ပြည်သူ့ လွှတ်တော် အမတ် တဦး ဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြောပါတယ်။ အကြောင်း ကတော့ အဆို တင်သွင်း တဲ့ သူရ ဦးအေးမြင့်ဟာ ပြည်ခိုင်ဖြိုး ပါတီရဲ့ ဒုဥက္ကဌ ဖြစ်ပြီး၊ ထောက်ခံ ဆွေးနွေးသူ ဦးသိန်းဇော် ကတော့ ပြည်ခိုင်ဖြိုးရဲ့ တွဲဖက် အထွေထွေ အတွင်း ရေးမှူး ဖြစ်တာ ကြောင့်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဟာ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ခဲ့တဲ့ ရည်မှန်းချက် တွေထဲမှာ အခြေခံ ဥပေဒ ပြင်ဆင် ရေး ဆိုတာဟာ အဓိက အချက် တခု အဖြစ် ပါဝင် ပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်း မှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ အဆိုကို ပြည်ခိုင်ဖြိုးက တင်လာတာ ဖြစ်လို့၊ နိုင်ငံရေး လက်ဦး မှုကို ရယူ သွားတဲ့ ပုံ ရှိနေ ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်မယ့် အချက်တွေ ထဲမှာ အဓိက ပြောဆိုနေ တာတွေ ကတော့ သမ္မတ ဖြစ်ရမယ့် အရည်အချင်း သတ်မှတ်ချက်၊ အစိုးရ အဖွဲ့တွင်း တာဝန် ယူရင် မိခင် ပါတီ အလုပ်တွေ အတွက် တာဝန် မယူရ တော့ဘူး ဆိုတဲ့ အချက်နဲ့ စစ်တပ် ကနေ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ယူထား တာကို အရေ အတွက် လျှော့ချဖို့ တို့ဖြစ် ပါတယ်။

နောက်ပြီး တိုင်းနှင့် ပြည်နယ် အစိုးရ တွေမှာ လုပ်ပိုင်ခွင့် မရှိတာ တွေကိုလည်း ပြင်ဆင်ဖို့ ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော် အမတ် ဒေါ်နန်းဝါနု က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။