BBC navigation

မြန်မာ-အီးယူ ပူးတွဲ သတင်းစာရှင်း

နောက်ဆုံး ရေးသားချိန် 6 မတ်လ 2013 - 01:59 GMT
thein_sein

သာမန် ပြည်သူတွေ အဆင်ပြေစေဖို့ လိုလား

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲ မြို့တော်မှာ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိုဆေး မန်နူရယ် ဘာရိုဆိုနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တရပ် အင်္ဂါ နေ့က ကျင်းပခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ အီးယူ ဘက်က အဓိက အားဖြင့် မြန်မာ သမ္မတရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ချီးမွမ်း ပြောဆို သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေကို မြန်မာ သမ္မတက ပွင့်ပွင့်လင်းလင်း ချပြ ဆွေးနွေး ခဲ့တယ်လို့ မစ္စတာ ဘာရိုဆိုက ပြောကြား ပါတယ်။

ဒါပေမဲ့လဲ မြန်မာ နိုင်ငံမှာ လူနည်းစု အခွင့်အရေးပိုင်းမှာ ဆောင်ရွက် စရာတွေ ရှိနေပြီး ကချင်နဲ့ ရခိုင်က လူ့အခွင့်အရေး ပြဿနာတွေ၊ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းရမယ်လို့ မစ္စတာ ဘာရိုဆိုက ထောက်ပြ သွားပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ လွှတ်တော်၊ အခြေခံ ဥပဒေ၊ အစိုးရ စတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြဿနာတွေကို ချပြ ဆွေးနွေး နေကြတာထက် သာမန် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ သက်သာ ပြေလည် စေဖို့ အလေးပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရဖို့ အတွက် နောက်ပြန်ဆုတ် နိုင်တဲ့ အခြေအနေတွေ ဘယ်လောက် ရှိရှိ မတွန့်မရွံ့ ဆောင်ရွက်သွားမယ်၊ ဒီမိုကရေစီ စနစ် ပြောင်းလဲရေး၊ စျေးကွက် စီးပွားရေး၊ ငြိမ်းချမ်းရေးတွေ ဆောင်ရွက်သွားမယ် လို့လဲ ဦးသိန်းစိန်က ဆိုပါတယ်။

ဒါပေမဲ့ ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာ ပြည်က လူ့အခွင့်အရေး ပြဿနာတွေကို လျစ်လျူရှုပြီး ရင်းနှီးမြှုပ်နှံမှု ကိုပဲ အသားပေး နေတဲ့ အတွက် ဖိအားပေးမှု နည်းသွားရင် ပြုပြင်ရေးတွေ နှေးကွေးသွားမယ့် အန္တရာယ် ရှိနေတယ်လို့လဲ ဘားမားကမ်ပိန်း ယူကေက မာ့ခ် ဖမ်မနာက ဝေဖန် ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။