BBC navigation

နိုင်ငံရေး အကျဉ်းသား ကိစ္စ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 16:56 GMT

ထောင်ကျနေတဲ့ နိုင်/ကျဉ်း ၂၃၇ ဦး ရှိပြီး၊ အချုပ် ကျခံ အပါအဝင် အားလုံး ၄၀၀ နီးပါးရှိ

မြန်မာ နိုင်ငံက အကျဉ်းထောင်တွေ ထဲမှာ နောက်ဆုံး ကျန်ရှိ နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စိစစ်ရေး နဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိ သူတွေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ရေး အတွက်လှုပ်ရှား ဆောင်ရွက် နေသူတွေ ရန်ကုန်မြို့ မှာ ရှိတဲ့ ငြိမ်းချမ်းရေး စင်တာမှာ စနေနေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

အစိုးဘက်က သမ္မတရုံး ဝန်ကြီး ဦးစိုသိန်း ဦးဆောင်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့ အကျဉ်း ဦးစီး ဌာနက ညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ ထိုင်း မြန်မာ နယ်စပ် အခြေစိုက် AAPP မြန်မာ နိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

ရှေ့ဆက်ပြီး အလုပ်တွေ ဘယ်လို လုပ်ကြ မလဲဆိုတာကို ဆွေးနွေး ကြတာ ဖြစ်ပြီး၊ လုပ်ငန်း အကောင် အထည် ဖေါ်ဖို့ အကြမ်းဖျဉ်း ဆွေးနွေး မှုတွေ ရှိခဲ့တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ကျန်သလဲ ဆိုတာ ဖြစ်နိုင် သမျှ အမြန်ဆုံး စိစစ် နိုင်ဖို့ လုပ်ဆောင် နေပြီး အချိန်ကာလ အတိအကျ ကိုတော့ သတ်မှတ်လို့ မရသေးကြောင်း သူက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား အာလုံးပေါင်း ၄၀၀ လောက် ရှိမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ အေအေပီပီ၊ နိုင်ကျဉ်းဟောင်းနဲ့ နိုင်ချုပ် အဖွဲ့ ၄ ဖွဲ့က အကြမ်းဖျဉ်း သတ်မှတ်ထားကြောင်း သူက ပြောပါတယ်။

အဲဒီ အထဲက ထောင်ကျပြီးသား ၂၃၇ ဦး ရှိပြီး ကျန်သူတွေက အချုပ်ကျခံ နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ကော်မတီကနေ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး ခွင့်တော့ မရှိပေမယ့် ကော်မတီရဲ့ ထောက်ခံချက် စာရင်းတွေကို သမ္မတထံ တင်ပြလို့ ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရဘက်ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ် ဆိုတာကို အသိမှတ်ပြု လာကြောင်းနဲ့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့ အတွက် ဒါဟာ အပြုသဘော ဆောင်တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။