BBC navigation

ပိတ်ဆို့မှုလျှော့အပြီး ဘဏ်လုပ်ငန်း ဖွံ့ဖြိုးနိုင်

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 14:45 GMT
AGD Bank, Burma

အာရှ စိန်းလမ်း ဖွံ့ဖြိုးရေး ဘဏ်

အမေရိကန်ကနေ မြန်မာဘဏ်လေးခုအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းတဲ့အတွက် ဘဏ်လုပ်ငန်းမှာ အရင်ထက် ပိုမို တွင်ကျယ်လာဖွယ်ရှိတယ်လို့ ဘဏ်လုပ်ငန်း အရာရှိတစ်ဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံကနေ မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် ၊ စီးပွားရေးဘဏ် နဲ့ ပုဂ္ဂလိက ဘဏ်တွေထဲမှာလည်း စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်ရဲ့ ဧရာဝတီ ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ဘဏ်လို့ သိကြတဲ့ အာရှ စိမ်းလန်း ဖွံ့ဖြိုးရေး ဘဏ် AGD ဘဏ်တွေအပေါ် ပိတ်ဆိုထားတာကို သောကြာနေ့က ရုပ်သိမ်း ပေးလိုက်ပါတယ်။

အခုလို ရုပ်သိမ်းပေးတဲ့အတွက် အမေရိကန်က ငွေကြေး ကဒ် ကုမ္ပဏီတွေဖြစ်တဲ့ VISA, Mastercard တို့ နဲ့ ငွေလွှဲ ကုမ္ပဏီဖြစ်တဲ့ Western Union စတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ တွင်ကျယ်လာမယ့်အပြင် အမေရိကန် ကုမ္ပဏီတွ မြန်မာပြည်မှာ လာရောက် လုပ်ကိုင်တဲ့အခါ ပိတ်ဆို့မှု မရှိတော့တဲ့အတွက် ဘယ်ဘဏ်နဲ့မဆို လုပ်ကိုင်နိုင်တော့မှာ ဖြစ်တယ်လို့ AGD ဘဏ်က အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။

နောက်ပြီး မြန်မာကုမ္ပဏီတွေ ဒေါ်လာကို ပို သုံးစွဲ လာနိုင်သလို မြန်မာနိုင်ငံကနေ ပြည်ပကို သွားတဲ့ မြန်မာ ခရီးသွားတွေ၊ လုပ်ငန်းရှင်တွေလည်း အမေရိကန် ကဒ်တွေကို အလွယ်တကူ သုံးစွဲလာ နိုင်တော့မယ်လို့ သူက ပြောပါတယ်။

AGD ဘဏ်ကို ပိတ်ဆို့မှု လျော့လိုက်ပေမယ့် သူ့ရဲ့ ပိုင်ရှင်လို့ သိကြတဲ့ ဦးတေဇကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှု ခံနေရဆဲမို့ ဘဏ်လုပ်ငန်းမှာ အခက်အခဲ ရှိနိုင်လား ဆိုတော့ ဒီဘဏ်ကို ဦးတေဇ ချည်းပဲ ပိုင်တယ်လို့ ပြောလို့ မရတော့ကြောင်း၊ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ နေကြောင်း ဦးရဲမင်းဦးက ပြောပါတယ်။

အခု အမေရိကန်ရဲ့ ဘဏ်လုပ်ငန်း ပိတ်ဆို့မှုတွေ လျော့လိုက် တယ်ဆိုပေမယ့် ငွေကြေး ဝန်ဆောင်မှုတွေ တကယ်လုပ်လို့ ရမရ ဆိုတာ စောင့်ကြည့်ဖို့ လိုသေးကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။