BBC navigation

ကယ်ဆယ်ရေး ကားတန်း ဖားကန့်ကို ပထမဆုံးသွား

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 15:53 GMT
Refugees in Kachin State

ကချင်ပြည်နယ် ဒုက္ခသည် စခန်းတွေမှာ ဒုက္ခ သည်တွေ သောင်းနဲ့ချီပြီး ခိုလှုံ နေကြရ

အခု လဆန်း အထိ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဖားကန့်ကို တနှစ် ကျော် အတွင်း ကူညီ ကယ်ဆယ်ရေး ကားတန်းကြီး ပထမဆုံး အကြိမ် သွား ရောက်နိုင်ခဲ့တယ်လို့ ကုလ သမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အာရှော့ နစ်ဂမ် Ashok Nigam က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မြို့မှာ တာဝန်ကျ နေတဲ့ ဘီဘီစီ မြန်မာ ဌာနက အကြီးတန်း သတင်းထောက် ဦးကိုကိုအောင်က မစ္စတာ အာရှော့ နစ်ဂမ် ကို ဆက်သွယ် မေးကြည့် တော့ သူက အခုလို စတင် ရှင်းပြပါတယ်။

ဖြေ ၁။ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလ ကတည်းက တိုက်ပွဲတွေကြောင့် ဖားကန့်ကို ကျနော်တို့ သွားလို့ မရခဲ့ပါဘူး။ အခုတော့ ထောက်ပံ့ရေး ယာဉ်တန်းဟာ ဖားကန့်ကို ရောက်နေပါပြီ။ အဲဒီမှာ လိုအပ်ချက်တွေ ဘယ်လို ရှိနေ တယ် ဆိုတာ ဆန်းစစ်မှုတွေ စလုပ်နေပြီး လောလောဆယ် လူပေါင်း ငါးထောင် လောက်ကိုလည်း ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်နိုင်ခဲ့ပါတယ်။ စာရင်း အတိအကျ ကိုတော့ ကယ်ဆယ်ရေးယာဉ် တန်း ပြန်လာတဲ့ အခါသိရ မှာပါ။ ကုလ သမဂ္ဂနဲ့ လုပ်ဖော် ကိုင်ဘက်တွေ စုပေါင်းပြီး ပေးပို့ ကြတဲ့ အကူ အညီ တွေထဲမှာ စားနပ်ရိက္ခာ အများအပြား ပါသလို၊ မိသားစုတွေ အတွက် အခြေခံ လိုအပ်တဲ့ ပစ္စည်း ထုပ်တွေ၊ ဆေးဝါးတွေ၊ ရေသန့် ဆေးပြားတွေ၊ အမိုး အကာ ပစ္စည်းတွေ စသဖြင့် အမျိုးစုံ ပါ ပါတယ်။

ဘီဘီစီ။ ဖားကန့်ကို အရင်ဆုံး သွားဖို့ ဘာကြောင့် ရွေးချယ် ရတာပါလဲ။

ဖြေ ၂။ ဖားကန့်လမ်းဟာ သွားလာလို့ ရလောက်အောင် လုံခြုံရေး စိတ်ချ ရတယ်လို့ ကျနော်တို့ကို အကြောင်းကြား တာရှိ ပါတယ်။ ပြီးတော့ အကူ အညီ တွေလည်း သိသိ သာသာ လိုနေတယ်လို့ ပြောပါတယ်။ ကျနော်တို့ ကချင် ပြည်နယ် အရှေ့ပိုင်းက အစိုးရ ထိန်းချုပ်တာ မဟုတ်တဲ့ နေရာတွေကို သွားမယ် ဆိုပြီး ကြိုတင် သဘော တူညီချက် ရှိထားခဲ့ တာမို့ အဲဒီကို အကူ အညီ ယာဉ်တန်းတွေ ပို့ဖို့ စီစဉ် နေပါတယ်။ ဒါပေမဲ့ လုံခြုံရေး အခြေ အနေကိုလည်း ထည့် စဉ်းစား ရပါ သေးတယ်။ ဒီတော့ ခရီးလမ်းနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ အဆင် ပြေပြီ ဆိုတာနဲ့ တခြား ဒေသတွေ ကိုလည်း မကြာခင် သွားနိုင်မယ်လို့ မျှော်လင့် ပါတယ်။

ဘီဘီစီ။ ကချင်ပြည်နယ်မှာကဒုက္ခရောက်နေတဲ့သူတွေသောင်းနဲ့သိန်းနဲ့ချီရှိနေတော့ ကုလသမဂ္ဂအနေနဲ့ ဘယ်အတိုင်းအတာအထိကူညီနိုင်မှာပါလဲ။

ဖြေ ၃။ ကျနော်တို့ အနေနဲ့ ကတော့ အကူ အညီ လိုနေတဲ့သူ အားလုံးကို ကူညီမယ် ဆိုတဲ့မူ ရှိပါတယ်။ သူတို့ ဘယ်မှာ ရှိနေလဲ၊ အဲဒီ နေရာကို သွားလို့ ရသလား ဆိုတာတွေကို သိဖို့တော့ လိုတာပေါ့ဗျာ။ အဲဒါတွေကို သိပြီ၊ ကျနော်တို့မှာ ကူညီဖို့ ပစ္စည်တွေလည်း အသင့် ရှိပြီ ဆိုလို့ကတော့ နိုင်ငံ တကာရဲ့ အကူ အညီ၊ အစိုးရ ၊ KIO/KIA တို့ရဲ့ အကူ အညီတွေနဲ့ အတူ ကျနော်တို့က သွားပြီး ကူညီဖို့ စိတ်ပိုင်းဖြတ် ထားပြီး သားပါ။ အခုအခါ အစိုးရ မထိန်းချုပ်တဲ့ ဒေသတွေမှာ အကူ အညီ လိုနေတဲ့သူ လေးသောင်းလောက် ရှိမယ် လို့ခန့်မှန်း ထားပါတယ်။ အဲဒီ နေရာ တွေကို သွားရောက်လို့ ဖြစ်နိုင်မယ် ဆိုရင်၊ သူတို့ရဲ့လိုအပ်ချက် တွေကို လည်း ပိုပြီး တိတိ ကျကျ သိလာရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ကချင် ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန် နေတဲ့ အချိန်တုန်းက ကုလ သမဂ္ဂတို့၊ ကမ္ဘာ့ ကြက်ခြေ နီအဖွဲ့တို့ အမေရိကန် အစိုးရတို့က ကူညီ ထောက်ပံ့ မှုတွေ လုပ်ချင်တယ်လို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ အခုရော အချင်းချင်း ဘယ်လောက် ညှိနှိုင်း ဆောင်ရွက် နေပါသလဲ။

ဖြေ ၄။ ကျွန်တော်တို့ဟာ ဒေသတွင်းမှာ ရှိတဲ့ လုပ်ဖော် ကိုင်ဘက် တွေနဲ့ အမြဲ တိုင်ပင် ညှိနှိုင်းပြီး လုပ်ကိုင် ပါတယ်။ သူတို့ဟာ ကျနော်တို့ အတွက် သိပ်ကို အရေးကြီး ပါတယ်။ နိုင်ငံ တကာက လုပ်ဖော် ကိုင်ဖက် တွေလည်း ဒီခရီးစဉ်မှာ ပါဝင် ကူညီကြ ပါတယ်။ ဒီလို အချင်းချင်း ညှိနှိုင်း ဆောင်ရွက်ဖို့ စနစ် တစ်ခု ကိုလည်း မြစ်ကြီးနားမှာ ဖွဲ့စည်း ထားတာ ရှိပါတယ်။ ဒေသခံ အဖွဲ့ အစည်း တွေကလည်း ပူးပေါင်း ကူညီ နေကြတာ ကာလ ကြာခဲ့ပြီ ဖြစ်ပါတယ်။ လူသားချင်း စာနာတဲ့ ဒီ အကူ အညီ တွေကိုလည်း ရှေ့လျှောက် ဆက်ပြီးပေး သွားမှာပါ။ သက်ဆိုင်ရာ နှစ်ဘက် စလုံးနဲ့လည်း ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လုပ် နေတာ ရှိပါတယ်။ အဲဒီညှိ နှိုင်းမှုတွေ ပြီးပြီ၊ အဆင် ပြေပြီ ဆိုတာနဲ့ နောက်ထပ် ကူညီ ထောက်ပံ့ရေး ယာဉ်တန်းကို စေလွှတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။