BBC navigation

မြန်မာအလုပ်သမားတွေ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ရေး အစိုးရကူညီ

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 15:29 GMT

မြန်မာအလုပ်သမားတွေအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၁ရုံး ဖွင့်ဖို့ စီစဉ်ထား

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ အလုပ်သမားတွေ ငွေကြေးသက်သက်သာသာနဲ့ ယာယီ နိုင်ငံကူးလက်မှတ် လွယ်လွယ်ကူကူ ထုတ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်တွေက ကူညီ ဆောင်ရွက်ပေးကြဖို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ အလုပ် သမား ဒုတိယ ဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်တဲ့ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ဖို့အတွက် ဘတ်ငွေ ၅၅၀ သာ ကောက်ခံဖို့ မြန်မာ အစိုးရဘက်က စီစဉ်ထားပြီး ထိုင်းဘက်ကလည်း ဗီဇာကြေး၊ ဆေးဝါးခ၊ စာရွက် စာတမ်း ကြေး စတာတွေကို လျှော့ပေါ့ပေးဖို့ မြန်မာအလုပ်သမား ဝန်ကြီးဌာနက တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

မြန်မာ အလုပ်သမားတွေ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ရာမှာ ပွဲစားခ မတန်တဆ ကြီးမြင့်နေတာနဲ့ ပတ်သက်လို့လည်း ပွဲစားမပါ တိုက်ရိုက် ထုတ်ခွင့်ရအောင် လုပ်ပေးဖို့ စီစဉ်နေတယ်လို့ မြန်မာ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ( ၁၁)ရုံးကို လာမယ့် ၁၅ရက်နေ့မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဆောင်ရွက်ချက်တွေကို ၃လ အတွင်း အပြီး ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမား တသန်းလောက်ဟာ သက်သေခံ အထောက် အထားတွေ မရှိကြဘူးလို့ ခန့်မှန်းရပါတယ်။

အထောက်အထားမဲ့ မြန်မာ အလုပ်သမားတွေ ယာယီ နိုင်ငံကူး လက်မှတ်လို တရားဝင် အထောက်အထားတွေ ကိုင်ဆောင်ထားနိုင်ရင် သူတို့ရဲ့ ရပိုင်ခွင့်တွေ ခံစားနိုင်တော့မှာ ဖြစ်ပြီး အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ် အသုံးချမှုကနေ လွတ်ကင်း သွားမှာ ဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။