BBC navigation

နယ်စည်းမခြားဆရာဝန်အဖွဲ့ ရခိုင်မှာ ခြိမ်းခြောက်ခံရ

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 02:06 GMT

ရခိုင်က ဒုက္ခသည်တွေ လူသားချင်းစာနာတဲ့ အကူအညီတွေလိုနေဆဲ

မြန်မာနိုင်ငံ ရခိုင်ဒေသက ဒုက္ခသည်တွေကို ဆေးကုသမှု အကူအညီတွေ ပေးနေတဲ့ MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က သူတို့ ရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေမှာ နှောင့်ယှက် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာတဲ့ အကူအညီတွေကို မျှော်မှန်းထားသလောက် မဆောင်ရွက်နိုင်ပဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ရှစ်လ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့တွေအနေနဲ့လည်း ဒုက္ခသည်စခန်းတွေကို သွားရောက် အကူအညီပေးနေနိုင်ပြီ ဖြစ်ပေမယ့် အစိုးရအပါအဝင် ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ အကန့်အသတ် အခက်အခဲကတော့ ရခိုင်ဒေသမှာ ကယ်ဆယ်ရေး အကူအညီပေးရေး လုပ်ငန်းတွေ လိုလိုလားလား သွားလုပ်မယ့်သူ ရှားပါးနေသလို တချို့နေရာ ဒေသတွေမှာဆို နှောင့်ယှက် ခြိမ်းခြောက်မှုတွေကြောင့် လုံးဝ မသွားရဲတဲ့ အထိ ဖြစ်နေတယ်လို့ MSF အဖွဲ့ရဲ့ ရခိုင်ဒေသဆိုင်ရာ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းရေးမှူး Martine Flokstra က ဘီဘီစီ ကို ပြောပါတယ်။

အဓိက ပြဿနာက MSF ရဲ့ အကူအညီပေး ဆောင်ရွက်မှုတွေမှာ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ထင်မြင်ယူဆနေကြတယ်လို့ ဆိုပါတယ်။

MSF အဖွဲ့အနေနဲ့ တော့ ဒီလို ဘက်လိုက်မျိုးမရှိ ပါဘူးလို့ ပြောပါတယ်။

ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် အရေအတွက်ကို ကြည့်မယ် ဆိုရင် ရခိုင်လူမျိုးအရေအတွက်က ၈ ထောင်၊ မွတ်ဆလင် အသိုင်းအဝိုင်းက တသိန်း ၇ထောင် ရှိတဲ့အတွက် အကူအညီ များများပိုလိုတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကို ကယ်ဆယ်ရေး အကူအညီတွေ ပိုပေးရတာဖြစ်တယ်လို့ Martine Flokstra က ပြောပါတယ်။

ဒါကို ရခိုင်အုပ်စုငယ် တချို့က လက်မခံနိုင်ပဲ ကန့်ကွက် ပြောဆိုတာမျိုးတွေ လုပ်ခဲ့တဲ့အတွက် MFS အဖွဲ့က တင်မက တခြားအဖွဲ့အစည်းတွေက ဝန်ထမ်းတွေပါ ရခိုင်ဒေသမှာ သွားအလုပ်လုပ်ဖို့ ကြောက်ရွံ့ စိုးရိမ်တာမျိုးတွေ ဖြစ်လာခဲ့တယ်လို့ သူက ပြောပါတယ်။။

လူသားချင်း စာနာတဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထားရှိတဲ့ မူစည်းကမ်းတွေအကြောင်း လူတွေ ပိုသိလာအောင် အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဦးဆောင်ဦးရွက် လုပ်ပြီး ပညာပေး ပြောပြတာမျိုးတွေ၊ အကူအညီလိုအပ်မှုအပေါ် အဓိကအခြေခံထား ဆောင်ရွက်နေတဲ့ MSF ရဲ့ ရပ်တည်ချက်အကြောင်း ရှင်းပြပေးတာမျိုးတွေ လုပ်ပေးဖို့ MSF က အစိုးရကို ပန်ကြားထားတယ်လို့ သူက ပြောပါတယ်။။

ခုလောလောဆယ်မှာ ရခိုင်ဒေသက ဒုက္ခသည်တွေ အနေနဲ့ ဆေးဝါးကျန်းမာရေး အကူအညီတွေ ပိုလိုအပ်နေပြီး အဲဒီမှာဒုက္ခသည် အရေအတွက် တသိန်း တသောင်းငါးထောင်လောက် ရှိနေရာမှာ ခုချိန်ထိ ယာယီတဲတွေနဲ့ နေနေရဆဲ ဖြစ်ပြီး သောက်သုံးရေ လုံလုံလောက်လောက် မရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

သန့်ရှင်းတဲ့ သောက်သုံးရေ အလုံအလောက် မရတဲ့အတွက် အဲဒီကနေ ဆက်နွယ်ပြီး ရောဂါတွေ ဝင်လာကြတာကြောင့် သူတို့ကို ကျန်းမာရေး ဆေးဝါး ကုသမှုတွေ လုပ်ပေးနိုင်အောင် ရခိုင်ဒေသကို ဆရာဝန်တွေ နောက်ထပ် လွှတ်ပေးဖို့ လိုအပ်နေပါတယ်လို့ MSF အဖွဲ့ရဲ့ ရခိုင်ဒေသဆိုင်ရာ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းရေးမှူး Martine Flokstra က ပြောပါတယ်။။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။