BBC navigation

ကချင်ဒုက္ခသည်တွေ ကူညီရေး ကုလ တင်ပြ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 00:53 GMT
_kachin_refugees_

ကချင်ဒုက္ခသည် စခန်း

ကချင်ပြည်နယ်တွင်းမှာ စစ်ပြေး ဒုက္ခသည်တွေ အတွက် ကုလသမဂ္ဂနဲ့ တခြား ပရဟိတအဖွဲ့တွေ ဘက်ကနေ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ တွေ အမြန်ပေးနိုင်အောင် အရှိန် မြှင့်တင် ဆောင်ရွက် ဖို့ လိုနေတယ်လို့ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စတာ အရှုတ် နီဂမ်က ကြေငြာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

နောက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကချင်ပြည်နယ် တွင်းမှာ စစ်မှန်ပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ တိုက်တွန်းမှု ကို လည်း သူက ကြိုဆိုပါတယ် လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီ ပေးရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး သိရသလောက် ဆက်ပြီး ပြောရာမှာ တော့ မစ္စတာ နီဂမ် က အခြေအနေ ဟာ အလွန် စိုးရိမ်စရာ အနေအထား ဖြစ်ပုံ၊ နောက်ဆုံး ကူညီခဲ့တုန်း ကတော့ အစားအစာ နဲ့ အမိုးအကာတွေ ကူညီခဲ့ပုံ၊ သန့်ရှင်းတဲ့ သောက်သုံးရေ လည်း မရကြတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

နောက်ပြီး ဒုက္ခသည်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု လည်း ကောင်းကောင်း မရကြတဲ့ အတွက် အကူအညီပေးဖို့ လိုနေလို့ သွားလာ ကူညီခွင့် အမြန် ရဖို့ပဲ လုပ်ဆောင်နေပါတယ် လို့ ပြောပါတယ်။ အစိုးရက သွားလာခွင့် ပေးလိုက်ပြီ ဆိုပေမယ့် သယ်ယူပို့ဆောင်ရေး အနေအထား က ဆက်လက် ဆွေးနွေးဖို့ လိုပါသေးတယ် လို့ ရှင်းပြပါသေးတယ်။

အစိုးရရော၊ KIO KIA ရော ဘယ်နေရာတွေ မှာ ဘယ်လို ပုံစံနဲ့ သွားလာ ကူညီခွင့် ပေးမလဲ ဆိုတာကို ညှိနှိုင်းဖို့ လိုသေးတဲ့ အကြောင်း၊ မကြာခင်က အစိုးရနဲ့ ကေအိုင်အို တို့ တွေ့ဆုံခဲ့ ပြီးနောက် ကချင်ပြည်နယ်တွင်း အခြေအနေ က အရင်ထက် ပိုတည်ငြိမ် လာသလို အလားအလာ လည်း ပိုကောင်း လာတယ် လို့တော့ ပြောနိုင်တယ် လို့ လည်း ဆိုပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ အကူအညီတွေ သွားပြီး မပေးခင် နှစ်ဘက် စလုံးဘက် က အာမခံချက် ပေးနိုင်မှ သွားလို့ ရမှာဖြစ်ပြီး ဒါမှလည်း အကူအညီတွေ ကို မြန်မြန် ဆန်ဆန် နဲ့ ထိထိရောက်ရောက် ပေးပို့နိုင်မယ့် အကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စတာ အရှုတ် နီဂမ်က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။