BBC navigation

အမိန့် အမှတ် ၂/၈၈ ကို ပယ်ဖျက်

နောက်ဆုံး ရေးသားချိန် 29 ဇန်နဝါရီလ 2013 - 16:13 GMT

မြန်မာ နိုင်ငံမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေကို အရေးယူ ရာမှာ အသုံး ပြုခဲ့တဲ့ အရင် စစ်အစိုးရ လက်ထက်က အမိန့် အမှတ် ၂ / ၈၈ ကို အခု အစိုးရက ပယ်ဖျက်လိုက် သလို၊ အီလက်ထရောနစ် ဥပဒေကိုလည်း ပြင်ဆင် ရေးဆွဲဖို့ သဘောတူ လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က လက်မှတ် ရေးထိုး ပယ်ဖျက် လိုက်တဲ့ ဒီအမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီတဲ့ အတွက် ပယ်ဖျက်တာ လို့ သမ္မတက အကြောင်းပြ ပေမယ့် တကယ်တော့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် စတာတွေနဲ့ ပတ်သက်တဲ့ ဥပဒေ ထွက်လာပြီ ဖြစ်တဲ့အတွက်၊ မလိုအပ်တော့လို့ ပယ်ဖျက်တဲ့ သဘော ဖြစ်ပါတယ်။

အခြေခံ ဥပဒေနဲ့ မညီတာကို ဘာကြောင့် အခု ချိန်ကျမှ ပယ်ဖျက်ရ သလဲ ဆိုတာတော့ မရှင်းလှ ပါဘူး။ နိုင်ငံရေး လှုပ်ရှားသူတွေ ကို အရေးယူ ရာမှာ အသုံးချလေ့ ရှိတဲ့ အီလက်ထရောနစ် ဥပဒေ ကိုလည်း ပြန်လည် ပြင်ဆင် ရေးဆွဲဖို့ ဆက်သွယ်ရေး ဒုဝန်ကြီးက လွှတ်တော်မှာ အင်္ဂါနေ့က သဘောတူ လိုက်ပါတယ်။

သင်္ကန်းကျွန်း ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့် ကတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် ရှိလာ တာဟာ လူ့အခွင့် အရေး ကို အထောက် အကူ ပြုတဲ့ အကြောင်း ပြောပါတယ်။

အီလက်ထရောနစ် ဥပဒေ အခန်း ၁၂ ပြဌာန်း ချက်တွေ အရ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်တယ်လို့ ယူဆရင် ထောင်ဒဏ် ၇ နှစ် ကနေ ၁၅ နှစ် အထိ အပြစ်ပေး နိုင်ပါတယ်။ နာမည်ကျော် ဟာသ ပညာရှင် ကိုဇာဂနာ၊ ဘလော့ဂါ ကိုနေဖုန်းလတ်တို့ အပါ အဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အများ အပြားကို အဲဒီ ဥပဒေနဲ့ အရေးယူခဲ့ဖူး ပါတယ်။

အခုလို လူ့အခွင့် အရေး ကာကွယ်တဲ့ ဘက်ဆီကို ဦးတည်တဲ့ ဥပဒေ ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေ ရှိလာ ပေမယ့် နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြပြီး အရေးယူ နိုင်တဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်က ကာကွယ်တဲ့ ဥပဒေ လိုမျိုး၊ အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ ည လိုမျိုး လက်ရှိ အာဏာတည် နေတဲ့ ဥပဒေ၂၀ လောက်ရှိ သေးတယ်လို့ လူ့အခွင့် အရေး လှုပ်ရှားသူ တဦး ဖြစ်တဲ့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

အဲဒီ ဥပဒေ တွေကို လိုအပ် သလို ပြင်ဆင် ဖျက်သိမ်း တာတွေ မလုပ်နိုင် သရွေ့တော့ မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေးကို အပြည့် အဝ အာမခံ နိုင်ဖို့ ခက်နေဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။