BBC navigation

ကချင်တပ်စခန်းတချို့ကို အစိုးရတပ် သိမ်း

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 15:21 GMT
KIO/KIA Kachin rebels in Burma

ခါယာဘွန် တောင်ကုန်းအနီးက ကေအိုင်အေ တပ်သားများ

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် လိုင်ဇာနဲ့ သိပ်မဝေးတဲ့ ခါယာဘွန် တောင်ကုန်းက ကချင် တပ်စခန်းတွေကို မြန်မာအစိုးရ စစ်တပ်က သိမ်းယူနိုင်ခဲ့တယ်လို့ ကေအိုင်အေဘက်က အတည်ပြု ပြောခဲ့ ပါတယ်။

ခါယာဘွန် နဲ့ အနီးက စခန်းတွေကို အစိုးရဘက်က သုံးလေး ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် တာလို့ ကေအိုင်အေ အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ခါယာဘွန်တောင်ကုန်းဟာ အဲဒီအနီးဝန်းကျင်မှာ အမြင့်ဆုံးမို့ အစိုးရတပ်ဘက်က အပေါ်စီး အနေအထား ဖြစ်နေတာကြောင့် နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာမလား စိုးရိမ်စရာ ရှိတယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်တာကို အတည်ပြု ပြောပေမယ့် စခန်းသိမ်းတဲ့ တိုက်ပွဲတွေ လုပ်တယ်ဆိုတာကိုတော့ မကြားမိဘူးလို့ ပြောပါတယ်။

နောက်ပြီး အစိုးရဘက်က တိုင်းရင်းသား မဟာမိတ် UNFC အဖွဲ့က တဆင့် ကေအိုင်အိုနဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်အောင် ဆက်သွယ် ဆောင်ရွက်နေ တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

စနေနေ့ထုတ် သတင်းစာတွေထဲမှာလည်း ကချင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပြန်လည် တုံ့ပြန်တိုက်ခိုက် တာသာရှိတယ်၊ စစ်ရေးအရ ကာကွယ် ဆောင်ရွက်တာပဲ ရှိတယ်၊ ငြိမ်းချမ်းရေးအတွက် တံခါးဖွင့် ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။