BBC navigation

ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ် ပစ်ခတ်မှု ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 17:33 GMT

လှိုင်ဘွဲမြို့ နယ်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်ရဲ့ လက်နက်တွေကို ဒီကေဘီအေက သိမ်းယူခဲ့

ဗိုလ်ချုပ် စောလာပွယ် ဦး ဆောင်တဲ့ ဒီကေဘီအေ ကနေ အစိုးရ နယ်ခြားစောင့် တပ်တွေ ဆီက လက်နက်တွေ သိမ်းယူ ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဟာ ဒီကေဘီအေနဲ့ မြဝတီမြို့မှာ အင်္ဂါနေ့က ဆွေးနွေး ခဲ့ကြ ပါတယ်။

အခုလ ၅ ရက် နေ့က ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်ထဲမှာ အစိုးရ နယ်ခြားစောင့် တပ်တွေနဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီးနောက် နယ်ခြားစောင့် တပ်တွေနဲ့ ရဲတွေ ဆီက လက်နက်တွေကို ဒီကေဘီအေက သိမ်းယူ ခဲ့တာ ဖြစ်ပါတယ်။

သိမ်းယူထား ခဲ့တဲ့ လက်နက်တွေထဲက ၃၀ ကျော်ကို ဒီကေဘီအေ ဘက်က ပြန်ပေးခဲ့ပြီ ဖြစ်ပြီး၊ ကျန်ရှိ နေသေးတဲ့ ၁၀ လက်ကို ပြန်ပေးဖို့ အခု ဆွေးနွေးပွဲ မှာ သဘောတူခဲ့ ကြတယ်လို့ ဒီကေဘီအေ ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရဘက် ကလည်း ဒီကေဘီအေ အတွက် သက်ဆိုရာ နယ်မြေတွေမှာ ဆက်ဆံရေး ရုံးတွေ ဖွင့်ပေးပြီး လိုအပ်တဲ့ ယာဉ်တွေနဲ့ ရိက္ခာတွေ ဖြည့်ဆည်းပေးဖို့ ပြန်ပြီး ကတိပေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ နောက်ပြီး ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဖို့ ကိစ္စတွေ ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရ ဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ပြည်သူ့စစ်နဲ့ ပြည်သူ့ ဆက်ဆံရေး ညွှန်ကြာရေးမှူး ချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း တိုင်းမှူးနဲ့ ကရင် ပြည်နယ် ဝန်ကြီးချုပ်တို့ ဦးဆောင် ပါဝင်ပြီးတော့၊ ဒီကေဘီအေ ဘက်ကတော့ ဗိုလ်ချုပ် စောလာပွယ်၊ ဗိုလ်မှူးချုပ် စောမိုရှေး၊ ဒုဗိုလ်မှူးကြီး စောဆန်းအောင်၊ ဒုဗိုလ်မှူးကြီး စောကျော်သက်၊ ဒုတိယ ဗိုလ်မှူးကြီး စောဘိနဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမောင်လေးတို့ ပါဝင်ကြတယ်။

အစိုးရ အနေနဲ့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ အတွက် ကူညီ ဆောင်ရွက် ပေးတာတွေ များနေလို့ ဒီကေဘီအေ ဘက်က စိတ်အား ငယ်ပြီး အခုလို ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရတာလို့ လူမျိုးစု လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေမှာ ပြောဆို မှုတွေ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။