BBC navigation

ဆက်သွယ်ရေး လုပ်ငန်း တခေတ် ပြောင်းတော့မလား

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 18:04 GMT
MPT

ဆက်သွယ်ရေး လုပ်ငန်း ပုဂ္ဂလိက ယှဉ်ပြိုင် လုပ်ကိုင်ခွင့် ပေးမယ်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ၂ ခု တင်ဒါ အတွက် စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်တဲ့အကြောင်း ဇန္နဝါရီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ သတင်းစာမှာ ကြေညာ ထားပါတယ်။

ဒီဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ခွင့်ရရင် မိုဘိုင်းတယ်လီဖုန်း၊ ကြိုးဖုန်း၊ အင်တာနက်လုပ်ငန်းတွေ ချပေးနိုင်တဲ့ လုပ်ငန်းကြီး တခုဖြစ်လာမှာပါ။


အဲဒီကုမ္ပဏီတွေ ကနေ ကိုယ်ပိုင် ဆာဗာ၊ ကိုယ်ပိုင် Fibre Optics လိုင်း၊ ကိုယ်ပိုင် ဆက်သွယ်ရေး တာဝါတိုင်တွေ ကိုလည်း ဆောက်လုပ်ခွင့် ရမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ ဆက်သွယ်ရေး လုပ်ငန်း တွေကို မြန်မာ ဆက်သွယ်ရေး လုပ်ငန်း MPT တခုတည်း ကသာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရုရှား၊ နော်ဝေ အပါအဝင် နိုင်ငံတကာ လုပ်ငန်းရှင်တွေ ကလည်း စိတ်ဝင်စားမှု ပြနေပြီး မြန်မာ့ ဆက်သွယ်ရေး MPT လက်အောက်က ရတနာပုံ တယ်လီကွန်မြူနီကေးရှင်း ကလည်း လျှောက်မယ်လို့ သိရပါတယ်။

တင်ဒါ လာလျှောက်တဲ့ ကုမ္ပဏီတွေ အနေနဲ့ အရည်အသွေး ပြည့်မီခြင်း ရှိမရှိ စံချိန်စံညွှန်း ကိုက်ညီခြင်း ရှိမရှိကိုတော့ အကြံပေး ကုမ္ပဏီ အဖြစ် ငှားရမ်းထားတဲ့ ဂျာမဏီ အခြေစိုက် Roland Berger ကုမ္ပဏီက စိစစ် အကဲ ဖြတ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး ရွေးချယ်တဲ့ လုပ်ငန်းကိုတော့ ဒေါက်တာ ကံဇော် ဦးဆောင်တဲ့ တင်ဒါ ကော်မတီက ရွေးချယ် သွားမယ်လို့ ဆိုပါတယ်။

ရွေးချယ်ရေး ကော်မတီမှာ မြန်မာ့ ဆက်သွယ်ရေးဘက်က ဒုတိယ ဝန်ကြီး ဦးသောင်းတင် တယောက်သာ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒုဝန်ကြီး ဦးသောင်းတင်ကလည်း ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘဲ၊ ရွေးချယ်ရေး လုပ်ငန်းစဉ် ပွင့်လင်း မြင်သာမှု ရှိမရှိ စောင့်ကြည့်ဖို့သာ ပါဝင်တာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။

အနှစ် ၂၀ သက်တမ်းရှိမယ့် အဲဒီ လိုင်စင်ကို ဇွန်လ မှာ ချပေးမယ်လို့ သိရပါတယ်။

တခြားတဘက်မှာလည်း ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်အတွင်းမှာ ဆွေးနွေးနေကြပြီလို့လည်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။