BBC navigation

ကချင်အရေး အမေရိကန် စိုးရိမ်

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 18:48 GMT

မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်းနဲ့ အပြစ်မဲ့ အရပ်သား တွေကို ကူညီခွင့် ပိုရဖို့ တောင်းဆို နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောပါတယ်။

ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင်က သူ့ကို သီးသန့် ဆက်သွယ် မေးမြန်း ထားတဲ့ အထဲက တချို့ကို ကောက်နှုတ် တင်ပြ လိုက်ပါတယ်။

မေး။ ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုထိခိုက်မယ် လို့ ထင်ပါလား။

ဖြေ။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ကချင်လူမျိုးတွေ အတွက်သာမကပါဘူး၊ တခြားတိုင်းရင်းသားတွေ အတွက်ပါ အကြီးအကျယ် စိုးရိမ်နေကြတယ် ဆိုတာကိုကရင်နဲ့မွန်ပြည်နယ်တွေမှာရော၊ တခြားနေရာ တွေမှာပါ ကျနော်ကြား ခဲ့ရပါတယ်။ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်နေတဲ့အပေါ်မှာ ခုလိုမေးခွန်း ထုတ်ကြတာ ရှိပေမယ့်၊ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး ဆောင်ရွက်နေတဲ့ ဖြစ်စဉ်တခုလုံး အနေနဲ့ခြုံပြီး ကြည့်တဲ့ အခါ ဒီ အပြောင်းအလဲအပေါ် ယုံကြည်မှု ရှိကြတာ တွေ့ရပါတယ်။ နိုင်ငံတကာ မိသားစုကတော့ လူသားချင်း စာနာတဲ့အမြင်က ကြည့်ပြီးစိုးရိမ်မှုတွေ ရှိပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိုထိမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ခုထိတော့ အဲဒီလောက် အကျိုးသက်ရောက်မှု မရှိသေးဘူးလို့ ထင်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း နေရပ်စွန့်ပြေးရသူတွေ၊ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့အပြစ်မဲ့ အရပ်သားတွေ အတွက်အများကြီး စိုးရိမ်ပါတယ်။ သူတို့ကို ကူညီနိုင်ဖို့အတွက် လမ်းဖွင့်ပေးဖို့လည်းတောင်း ဆိုနေတာ အတော်ကြာပါပြီ။ ပြီးတော့ဒီပဋိပက္ခတွေကို ရပ်စေချင်ပါတယ်။ နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး တဖက်နဲ့တဖက် ဘာလိုချင်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောစေချင်ပါတယ်။ တိုက်ခိုက်မှုတွေ ရပ်ပြီးနိုင်ငံရေးအရ ညှိနှိုင်းပြီးအဖြေရတာမျိုးကို လိုချင်ပါတယ်။

မေး။ ဒါဆိုရင် အဲဒီလိုပဋိပက္ခတွေရပ်ပြီး ဆွေးနွေးအဖြေရှာနိုင်အောင်လို့ ဘာလိုအပ်နေတယ်ထင်ပါလဲ။

ဖြေ။ ကျနော်ထင်တာတော့ နှစ်ဖက်မယုံကြည်မှုဟာ တော်တော်နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ တကယ်လိုအပ် နေတဲ့တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ဖို့အတူတူ မထိုင်နိုင်ကြဘူး ဖြစ်နေပါတယ်။ ကျနော်သိသလောက် အစိုးရ ဖက်က ကမ်းလှမ်းတာရှိပြီး ကချင်ဖက်က တကယ်တမ်း ဘာတွေဆွေးနွေးကြမလဲဆိုတာနဲ့ ပတ်သက်ပြီး သံ သယရှိနေပါတယ်။ ဒီတော့အဓိက လိုအပ်နေတာက ယုံကြည်မှုပါ။ ဘာလိုချင်တယ်ဆိုတာ တဖက်နဲ့တဖက် နားလည်မှု ရှိလာဖို့ပါ။ ဒီတော့ တွေ့ဆုံတာ မတိုင်ခင်တဖက်နဲ့ တဖက်သဘောထားကို နားလည်အောင်လုပ် ဖို့လိုပါလိမ့်မယ်။ ဒီလိုလုပ်ရာမှာ ထင်သာမြင်သာရှိဖို့က အရေးကြီးပါတယ်။

မေး။ ဟုတ်ကဲ့ အမေရိကန် စစ်တပ်နဲ့မြန်မာစစ်တပ်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတဲ့အခြေအနေနဲ့ပတ်သက် လို့ရောပြောပြနိုင်မလား။

ဖြေ။ ကျွန်တော်တို့အနေနဲ့ ဒါကိုတဆင့်ချင်း ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်တဲ့ပဋိပက္ခတွေကို ကျွန် တော်တို့စိုးရိမ်သလို တခြားမေးခွန်းတွေလည်းကျွန်တော်တို့မှာရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ် ဟာ အရေးကြီးတဲ့ အဖွဲ့အစည်းတခုပါ။ သူတို့အကြောင်းကို ကျွန်တော်တို့ သိပ်နားမလည်သလို၊ ကျွန်တော်တို့ အကြောင်းကို လည်းသူတို့ သိပ်နားမလည်ပါဘူး။ ဒီတော့ နှစ်ဖက်ကြားတွေ့ဆုံပြီး ကျွန်တော်တို့ စစ်တပ်မှာ လူ့အခွင့်အရေးကို ဘယ်လို တန်ဖိုးထားတယ်၊ ကျွန်တော်တို့ အမြင်အရ၊ ဒီမိုကရေစီ စံနစ်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိတယ် ဆိုတာတွေကို ပြောဖို့အတွက် ထိတွေ့ ဆက်ဆံတဲ့နည်းဘဲ ရှိပါတယ်။ တခြားဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ ဒီတော့ ကျွန်တော်တို့ဟာ တဖက်နဲ့ တဖက်နားလည်ဖို့ တဆင့်ချင်း ဆောင်ရွက်သွားမှာဖြစ်ပြီး၊ စစ်ဆင်ရေးတို့လို ကိစ္စမျိုးကိုပူးပေါင်းဆောင်ရွက် တာမျိုး အလျင်စလိုလုပ်မှာမဟုတ်ပါဘူး။ နှစ်ဖက် ပိုနားလည်မှုရအောင် ယုံကြည်မှုပိုရှိအောင်သာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။