BBC navigation

မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 00:43 GMT

ဗြိတိန် နိုင်ငံခြားရေးဒုဝန်ကြီး မြန်မာ့အရေး မေးခွန်းတွေကို ဗြိတိသျှပါလီမန်တွင် ဖြေကြားနေစဉ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ ဗြိတိသျှပါလီမန်က တနင်္လာနေ့က တိုက်တွန်းလိုက်ပြီး ဒီအရေးဟာ မြန်မာပြည်အပေါ် ပိတ်ဆို့မှု ဆိုင်းငံထားတာကို ပြန်သုံးသပ်ဖို့နဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်လို့ သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေဟာ ယာယီဆိုင်းငံထားမှုသာ ဖြစ်ပြီး မြန်မာပြည်က နိုင်ငံရေး ဖြစ်စဉ်တိုးတက်မှု ရှိမရှိ နဲ့ အစိုးရအနေနဲ့ တိုင်းရင်းသား ပဋိပက္ခတွေမှာ ဘယ်လို ကိုင်တွယ်သလဲ စတာတွေနဲ့ ဆက်စပ်ပြီး ပိတ်ဆို့မှု ပြန်လုပ်ကောင်းလုပ်နိုင်တယ်လို့ ဗြိတိန် ဒုဝန်ကြီး Alistair Burt က ပြောကြားလိုက်ပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ ကချင်ပြည်နယ်တွင်းမှာ ရန်လို တိုက်ခိုက်မှုတွေ တိုးပွား နေတဲ့ အပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ နောက်ပြီး မြန်မာအစိုးရ ဘက်က ရဟတ်ယာဉ်တွေ အပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေအတွက်လည်း စိုးရိမ်မိတယ်။ အထူးသဖြင့် အရပ်သားတွေ ထိခိုက်မှု ဖြစ်နေပြီး လတ်တလော အနေနဲ့ဆိုရင် ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်တွေမှာလည်း အရပ်သား ထိခိုက် သေဆုံးမှု ဖြစ်တာတွေ သိရှိရတဲ့အကြောင်း ဗြိတိန် ဒုတိယ ဝန်ကြီးက ပြောသွားတာ ဖြစ်ပါ တယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးကောင်စီဟာ ဧပြီလကျရင် မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားတဲ့ ပိတ်ဆို့မှုကို ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း ဒါတွေဟာ ဆက်စပ်နေတယ်၊ နိုင်ငံတကာ ကလည်း ဒီအခြေအနေ တွေကို အလေးအနက်ထား စောင့်ကြည့်နေတယ်ဆိုတာ နားလည်မယ်လို့ ယူဆတဲ့ အကြောင်း ဗြိတိန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Alistair Burt က ဗြိတိန် ပါလီမန်အတွင်းက အရေးပေါ် မေးခွန်းကို ရှင်းလင်း ဖြေကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။